#LocalNews
Published _10 June 2022

 

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိနေပြီး ဇွန်လ ၈ ရက်တွင် မြဝတီမြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော ကုန်တင်ယာဉ်(၁)စီးပေါ်၌ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားခြင်းမရှိသော စတီးရေပိုက်ခေါင်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၆၀၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ကရင်ပြည်နယ် ကော့ကရိတ်(တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်းမှ အကောက်ခွန်လုပ်ထုံး လုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အလားတူ ဇွန်လ ၉ ရက်တွင် လုံးခင်းကျေးရွာဘက်မှ မြစ်ကြီးနားမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁)စီးပေါ်၌ ကျောက်စိမ်းအရိုင်းတုံး ဆိုဒ်စုံ(၂၉၁)ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၆၈၅,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး မြန်မာ့ကျောက်မျက်ရတနာ ဥပဒေနှင့်အညီ
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က လယ်ပြင်ပူးပေါင်းစစ်ဆေးရေးဂိတ်၌ စစ်ဆေးမှုများပြုလုပ်ကာ အရေးယူဆောင်ရွက်လျက်ရှိသည်။

 

ယင်းအပြင် စစ်ကိုင်းမြို့နယ်အတွင်း တရားမဝင်သယ်ဆောင်လာသော လူသုံးကုန်ပစ္စည်း၊ အလှကုန်ပစ္စည်းနှင့် စားသောက်ကုန်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၈၇၀,၀၀၀)နှင့် ရွှေဘိုမြိုနယ်အတွင်း တရားမဝင် စက်သုံးဆီ (၉၆၀၀)ဂါလန်၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၇,၆၀၀,၀၀၀)၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၆၂,၄၇၀,၀၀၀)ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့မှ ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

 

ဇွန်လ ၈ ရက်နှင့် ၉ ရက်တို့တွင် ဖမ်းဆီးရမိသည့် အမှု စုစုပေါင်းမှာ အမှုတွဲ (၅)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၉,၇၅၅,၀၀၀) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ တစ်ဆင့် သိရသည်။

 

ymg/NN
#Yangon_Media_Group