#LocalNews
Published - 11 May 2022

 

ကချင်ပြည်နယ်၊ ခါကာဘိုရာဇီဒေသရှိ လမ်းပန်းဆက်သွယ်ရေးအတွက် အလွန်အရေးပါလှတဲ့ ဒဇွမ်းချောင်း ကြိုးတံတားတည်ဆောက်မှုပြီးစီးခဲ့ပြီဖြစ်၍ ဒေသခံများနှင့် ခရီးသွားများအနေနဲ့ ဆက်သွယ် အသုံးပြုသွားလာနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။

 

တံတားဟာ ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ်၊ ပန်နန်းဒင် အထက်ဘက်ဒေသမှာ
ရှိပြီး ရွာမီးလောင်ခဲ့တဲ့ ထလာထုရွာ၊ အရွမ်ဒမ်းရွာနှင့် နောက်ဆုံးရွာ ခေါ် ညီအစ်ကို တိဗက်လူမျိုးနေထိုင်သည့် ထဟွန်းဒမ်းရွာ၊ တဆူထုနှင့် ဒဇုံဒမ်းအုပ်စုရှိ ဒေသခံပြည်သူများ ရွာအချင်းချင်းဆက်နွယ်အသုံးပြု၍ အသက်မွေးဝမ်းကျောင်းပြုရာ ခရီးလမ်းပေါ်က ဒဇွမ်းချောင်းကြိုးတံတားဖြစ်တယ်လို့ ဆိုပါတယ်။

 

"ခါကာဘိုရာဇီဒေသရှိ ဒေသခံတွေတောင်းခံတဲ့ကြိုးတံတားကို အားလုံး၏ ဝိုင်းဝန်းကြိုးစားကူညီမှုဖြင့် ပြီးစီးပြီ ဖြစ်ပါတယ်။ တံတားအတွက် ဆိုင်းကြိုး သံချောင်းနှင့် ဓါတ်ဆီ ရိက္ခာများကို ပူတာအိုမှ အဆင့်ဆင့် ပို့ဆောင်ရတာကြောင့် စတင်ချိန်မှ အချိန် ပြီးစီးသည့်ချိန်ထိ တစ်လခွဲခန့် ကြာမြင့်ခဲ့ပါတယ်။ ခရီးဝေးတဲ့ အတွက်ကြောင့် ခက်ခဲမှုကြားမှာ ကြန့်ကြာသွားပါတယ်။ သို့သော် ဘေးကင်း ကျန်းမာစွာအစဆုံး တည်ဆောက်ကူညီပေးနိုင်ခဲ့ပါတယ်။ အဲ့ဒီဒေသမှာ ကြိုးတံတား တစ်စင်းဟာဒေသ တစ်ခုလုံး၏ အသက်သွေးကြောဖြစ်ပါတယ်။ လိုအပ်သော ဒေသအတွက်စေတနာထက်သန်စွာ ကြိုးတံတားကို လှူဒါန်းပေးပါသော အလှူရှင်အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။"လို့ ပူတာအို ဒေသခံ ပရဟိတသမား တစ်ဦးက YMG ကို ပြောပြခဲ့ပါတယ်။

 

ပူတာအို မြို့နယ်အတွင်းရှိ ခါကာဘိုရာဇီ ဒေသဟာသွားလာရ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်ဒေသတစ်ခုဖြစ်ပြီး အဆိုပါဒေသရှိ ဟောင်းနွမ်းကြိုးတံတားများကို ပြုပြင်ဖို့လိုအပ်နေတဲ့ ဒေသတစ်ခုလည်း ဖြစ်ပါတယ်။

 

ယခုပြုပြင် ပြီးစီးခဲ့သည့် ဒဇွမ်းချောင်းကြိုးတံတားဟာ အဆိုပါ ဒေသအတွက် အရေးပါသည့် ကြိုးတံတားတစ်စင်းဖြစ်ပြီး ဒေသခံများ အပါအဝင် ရေခဲတောင်တက်ခရီးသွားများ အဓိက အသုံးပြုသွားလာရာ ကြိုးတံတားတစ်စင်းဖြစ်တယ်လို့လည်း သိရပါတယ်။

 

Photo - CJ

 

ymg/kg
#Yangon_Media_Group