#LocalNews
Published_5 April 2022

 

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် လက်ရှိအမှိုက်သိမ်းစနစ်ကို ပြောင်းလဲ၍ ပုဂ္ဂလိကအမှိုက်သိမ်းစနစ်ပြုလုပ်နိုင်ရန်အတွက် စိတ်ဝင်စားသည့် ကုမ္ပဏီများကို တင်ဒါခေါ်ယူမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၊ သယံဇာတရေးရာဝန်ကြီးဌာနက သိရသည်။

 

အဆိုပါ အမှိုက်သိမ်းစနစ်ကို ယခုမှသာ စတင်ရမည်ဖြစ်သောကြောင့် အဆင်ပြေနိုင်၊ မပြေနိုင် ဆိုသည့်ကိစ္စကို သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများဖြင့် ဆွေးနွေးခဲ့ရာ အခြေခံလူတန်းစားများအနေဖြင့် အမှိုက်သိမ်းသည့်အခကြေးငွေကို ပေးဆောင်ရန် အခက်အခဲရှိနိုင်မည်ကို စိုးရိမ်သဖြင့် အများသူငါတတ်နိုင်သည့်နှုန်းထားဖြင့် လုပ်ဆောင်ရန် စီစဉ်နေကြောင်း၊ သို့သော်လည်း ပြည်သူ့သဘောထားများကိုလည်း တောင်းခံသွားအုံးမည်ဖြစ်ကြောင်းလည်း ယင်းဝန်ကြီးဌာန တာဝန်ရှိသူကပြောသည်။

 

"ပုဂ္ဂလိက အမှိုက်သိမ်းစနစ်က ဒီမှာမရှိသေးဘူးလေ။ မြို့တွင်းရပ်ကွက်တွေမှာ အမှိုက်ကျင်းတွေ ထားစရာမလိုတော့အောင်ပေါ့။ အခုလို စီစဉ်တာလုပ်ဖြစ်ရင်တော့ မီးဖိုချောင်သုံး စွန့်ပစ်ပစ္စည်းက ဈေးတစ်မျိုး၊ ဆေးရုံဆေးခန်းနဲ့ အလုပ်ရုံတွေကထွက်တဲ့ပစ္စည်းက ဈေးတစ်မျိုးဆိုတာမျိုးတော့ သတ်မှတ်မှာပေါ့။ အခုက မရှိသူတွေလည်း ရှိနေတော့ သူတို့အတွက်လည်း ဝန်ထုပ်ဝန်ပိုးမဖြစ်စေချင်ဘူး။ ဒါကြောင့် ချက်ချင်းမလုပ်သေးဘူး။ သဘောထားတွေကို စောင့်ကြည့်ရအုံးမယ်”ဟု ယင်းတာဝန်ရှိသူက ပြောသည်။

 

အကယ်၍ ယင်းစနစ်ကို စတင်မည်ဆိုပါကလည်း စစ်တွေမြို့ရှိ ပြည်တော်သာရပ်ကွက်၊ ကျေးပင်ကြီးရပ်ကွက်၊ မောလိပ်ရပ်ကွက်၊ အိုးတန်းရပ်ကွက်၊ မိဇံရပ်ကွက်၊ ရူပတောင်ရပ်ကွက်၊ ရူပမြောက်ရပ်ကွက်၊ ကျောင်းတက်လမ်းရပ်ကွက်၊ ဘောက်သီးစုရပ်ကွက်နှင့် မြို့သူကြီး ရပ်ကွက်တိုတွင် အဓိက လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

 

ymg/mt
#Yangon_Media_Group