#LocalNews
Published - 30 April 2022

 

လာမည့် မိုးရာသီကာလတွင် လမ်းပန်းဆက်သွယ်ရေးခက်ခဲမှာကို စစ်ကိုင်းတိုင်းအတွင်းရှိ ဒေသခံများက စိုးရိမ်လျက်ရှိနေကြတယ်လို့ အဆိုပါဒေသတွင် နေထိုင်သူများထံမှ သိရပါတယ်။

 

လက်ရှိကာလတွင် နယ်မြေဒေသအခြေအနေအချို့ကြောင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုတွေရှိနေပြီး မဟာမြိုင်လမ်းကြောင်းတစ်ခုကိုသာ အသုံးပြု၍ သွားလာဆက်သွယ်နေရတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

"လမ်းပန်းဆက်သွယ်ရေးက အခက်အခဲရှိပါတယ်။ စစ်ကိုင်းတိုင်းရဲ့ ဒေသအချို့မှာ တိုက်ပွဲတွေက ရှိနေတယ်လေ။ပြောရရင် ဆက်သွယ်ရေးလမ်းကြောင်းက တစ်ခုပဲရှိတယ်။ မဟာမြိုင်ထဲက သွားရတာပေါ့၊ မိုးရွာရင် သွားလို့မရတော့မှာ စိုးရိမ်ရတယ်။ မိုးတွင်းရောက်လာပြီဆိုရင် တော် တော် ခက်ခက်ခဲခဲသွားရမှာ"လို့ ကလေးမြို့ဒေသခံတစ်ဦးက ပြောပြခဲ့ပါတယ်။

 

လက်ရှိကာလမှာလည်း စက်သုံးဆီစျေးနှုန်းမြင့်မားမှုကြောင့် စစ်ကိုင်းတိုင်းအတွင်းရှိ ခရီးသည်တင်လိုင်းကားခစျေးနှုန်းများဟာ မြင့်တက်လျက်ရှိနေပြီး ကလေး - မန္တလေး ခရီးသည်တင်ကားခနှုန်းထားမှာ ခရီးစဥ်တစ်ကြောင်းလျှင် ကျပ် ၅၀,၀၀၀ မှ ကျပ် ၅၅,၀၀၀ ခွဲအထိ ပေါက်စျေးရှိ နေတာဖြစ်တယ်လို့ ခရီးသွားပြည်သူများထံမှ သိရပါတယ်။

 

ယင်းကဲ့သို့ ကားခစျေးနှုန်းများ မြင့်တက်ခြင်းဟာ စက်သုံးဆီစျေးနှုန်းမြင့်တက်မှုကြောင့် အဓိကဖြစ်ပြီး လက်ရှိကာလမှာတော့ နယ်မြေဒေသအခြေအနေများကြောင့် စစ်ကိုင်းတိုင်းအတွင်းမှာ ခရီးသွားလာမှုတွေလည်း နည်းပါးနေတာဖြစ်တယ်လို့ သိရပါတယ်။

 

"ခရီးသွားလာမှုကတော့ ပြောရရင် နည်းပါတယ်။မဖြစ်မနေ သွားလာရတဲ့သူတွေလောက်ပဲ သွားကြတာပေါ့။ စစ်ကိုင်းတိုင်းမှာ နယ်မြေဒေသအခြေအနေတွေကလဲ မကောင်းဘူးလေ။ လမ်းပန်းဆက်သွယ်ရေးက တော်တော်လေး ခက်ခက်ခဲခဲသွားရတာပေါ့။ကားခတွေ စျေးနှုန်းမြင့်တက်ဆိုတာကလဲ စက်သုံးဆီစျေးတွေမြင့်နေလို့ ဖြစ်ပါတယ်။"လို့ တမူးမြို့ဒေသခံတစ်ဦးက ပြောပါတယ်။

 

ဒါ့အပြင် စစ်ကိုင်းတိုင်းအတွင်းရှိ အချို့သောနေရာများမှာ တိုက်ပွဲများဖြစ်ပွားနေသည့်အတွက် ခရီးသွားလာရေးနှင့် ကုန်စည်စီဆင်းမှုအပိုင်းမှာ နှောင့်နှေးကြန့်ကြာမှုတွေ ရှိနေတာဖြစ်တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

 

ymg/kg
#Yangon_Media_Group