#Local_News
Published_ 22 April 2022

 

ယူနီဆက်နဲ့မိတ်ဖက်အဖွဲ့အစည်းများက ချင်း၊ ကချင်၊ စစ်ကိုင်း၊ ကရင်၊ ရခိုင်၊ ရှမ်း နဲ့ ကယားပြည်နယ်တွေက ကလေးငယ် ၆ သောင်းခန့်ကို ကလေးငယ်ဘဝ ပညာရေးပံ့ပိုးမှုများအပါအဝင် သင်ယူလေ့လာမှုများ လက်လှမ်းမီရရှိနိုင်အောင် ထောက်ပံ့ပေးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

 

ထို့ပြင် မတ်လအတွင်းမှာ ယူနီဆက်က ရှမ်း၊ ရခိုင်နဲ့ ကချင်ပြည်နယ်အတွင်းက ကလေးငယ်၊ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်ဦးရေ ၈,၀၀၀ ကျော်အတွက် အသင့်စား ကုထုံးအစားအစာများ၊ အနုအာဟာရဓာတ်များနဲ့ ဗီတာမင်အေကဲ့သို့ မရှိမဖြစ်အရေးပါတဲ့ အာဟာရထောက်ပံ့ပစ္စည်းများကိုလည်း ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

 

ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ကချင်ပြည်နယ်တွေမှာ ပေါင်းစပ်အာဟာရစီမံချက်ကို ဆက်လက်အကောင်အထည်ဖော်လျှက်ရှိပြီး ကလေးငယ်နဲ့ အမျိုးသမီး ၄၅,၀၀၀ ခန့်ကို ပြင်းထန်အာဟာရချို့တဲ့ဝေဒနာ စောင့်ကြည့်စစ်ဆေးခြင်းနဲ့ ကုသခြင်းများပြုလုပ်ပေးခဲ့ပါတယ်။

 

ဧရာဝတီတိုင်းဒေသကြီးတွင် အာဟာရဝန်ဆောင်မှုများ တိုးချဲ့ပံ့ပိုးပေးလျှက်ရှိပြီး အသက်ငါးနှစ်အောက် ကလေးငယ်ဦးရေ ၄,၀၀၀ နီးပါးကို စစ်ဆေးမှုများပြုလုပ်ပေးခဲ့ကာ မိခင်နဲ့ ပြုစုစောင့်ရှောက်သူ ၂,၀၀၀ ဦးခန့်ကိုလည်း နှစ်သိမ့်ဆွေးနွေးပြီး အကြံဉာဏ်များပေးခဲ့ပါတယ်။

 

ထို့ပြင် ကလေးငယ်များနဲ့ မိသားစုများကို ရေနဲ့သန့်ရှင်းရေး ဝန်ဆောင်မှုများ ဆက်လက်ပံ့ပိုးပေးလျှက်ရှိကာ မတ်လအတွင်း၌ ပဋိပက္ခကြောင့် ထိခိုက်ခံစား ကြရသူ ဦးရေ ၁၀၈,၀၀၀ ကို သန့်ရှင်းသောသောက်ရေများ ကူညီပေးနိုင်ခဲ့ကြောင်း သိရပါတယ်။

 

ယူနီဆက်အနေဖြင့် မြန်မာနိုင်ငံရှိ ကလေးငယ်များနဲ့ အခြားသူများအတွက် အရေးပေါ်အာဟာရ၊ ကျန်းမာရေး၊ ရေ၊ ပတ်ဝန်းကျင်နဲ့ တစ်ကိုယ်ရေသန့်ရှင်းရေး၊ ပညာရေးနဲ့ ကလေးသူငယ် ကာကွယ်ရေးအကူအညီတွေပေးနိုင်ဖို့ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါတယ်။

 

ymg-mnn
#Yangon_Media_Group.