#LocalNews
Published - 21 April 2022

 

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ် အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့ ပြင်သစ်သံရုံးက ဒီကနေ့ ဧပြီ ၂၁ ရက်မှာ ထပ်လောင်းတောင်းဆိုလိုက်ပါတယ်။

 

ဒီကနေ့ဟာ သတင်းစာဆရာ ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၈)နှစ်ပြည့်နေ့ဖြစ်ပြီး ယနေ့တွင် ပြင်သစ်သံရုံးက အင်္ကျီအပြာဝတ်ဆင်၍ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထားသူတွေကို လွှတ်ပေးဖို့တောင်းဆိုလိုက်တာဖြစ်ပါတယ်။

 

ဒီကနေ့ ထုတ်ပြန်လိုက်တဲ့ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံး၏ ထုတ်ပြန်ချက်မှာ "ယနေ့တွင် ပြင်သစ်သံရုံးသည် မြန်မာနိုင်ငံတွင် မတရားဖမ်းဆီးခံနေရသော ထောင်နှင့်ချီသည့် ပြည်သူများကို စာနာထောက်ထားကာ - ရှပ်အင်္ကျီအပြာရောင် - လှုပ်ရှားမှုကို ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ခေါင်းဆောင်များအပါအ၀င် နိုင်ငံရေးအကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန် ပြင်သစ်နိုင်ငံက ထပ်လောင်းတောင်းဆိုပါတယ်။"ဟု ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

 

နိုင်ငံရေးအကျဉ်းသားဟောင်း၊ သတင်းစာဆရာ ဟံသာဝတီ ဦးဝင်းတင်ကွယ်လွန်သည့် နှစ်စဉ်တိုင်းမှာ အထိမ်းအမှတ်အဖြစ် ဦးဝင်းတင် ကွယ်လွန်ချိန်အထိ မချွတ်တမ်းဝတ်ဆင်ခဲ့တဲ့ ထောင်ဝတ်စုံ ရှပ်အင်္ကျီအပြာကိုဝတ်ဆင်ကာ နိုင်ငံရေးအကျဉ်းသားတွေအတွက် အခွင့်အရေးရရှိဖို့ တက်ကြွလှုပ်ရှားသူတွေက တောင်းဆိုလေ့ရှိကြတဲ့ နေ့တစ်နေ့ လည်းဖြစ်ပါတယ်။

 

ဓါတ်ပုံ - မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံး

 

ymg/kg
#Yangon_Media_Group