#LocalNews
Published - 21 April 2022

 

တရုတ်-မြန်မာ နိုင်ငံတကာလမ်းကြောင်းကြီး၏ အဓိကအစိတ်အပိုင်းဖြစ်တဲ့ ယူနန်ပြည်နယ် တာလီ-ရွှေလီရထားလမ်း၏ ပေါင်တွမ်းလမ်းပိုင်းတည်ဆောက်မှုသည် ကြီးမားသည့်တိုးတက်မှုရရှိခဲ့ကာ ပေါင်စန်းလိုဏ်ခေါင်းအား ဧပြီလ ၁၉ ရက်နေ့က ဘေးကင်းအောင်မြင်စွာဖြင့်ဖောက်လုပ်ပြီးစီးခဲ့ပြီဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ထို့ကြောင့် တာလီ-ရွှေလီ ရထားလမ်းတစ်လျှောက် လိုဏ်ခေါင်း (၄၄)ခုတွင် လိုဏ်ခေါင်း (၂)ခုသာကျန်ရှိပြီး (၁၀)ကီလိုမီတာနှင့်အထက်တွင် လိုဏ်ခေါင်းတစ်ခုသာကျန်ရှိတော့ကြောင်းနှင့် ရထားလမ်းကြောင်းတစ်ခုလုံးအား အချိန်မီတည်ဆောက်ပြီးစီးနိုင်ရေးအတွက် ခိုင်မာသည့်အခြေခံအုတ်မြစ်ချပေးနိုင်ခဲ့ပြီဖြစ်တယ်လို့ တရုတ်သံရုံးက ဆိုပါတယ်။

အဆိုပါ လိုဏ်ခေါင်းလမ်း ဖောက်လုပ်မှုကို ဆောက်လုပ်သူများမှ (၆)နှစ်ကြာ ခက်ခဲကြမ်းတမ်းစွာကြိုးပမ်းခဲ့ပြီးနောက် တရုတ်-မြန်မာ နိုင်ငံတကာလမ်းကြောင်းကြီးဖြစ်သော ယူနန်ပြည်နယ် တာလီ-ရွှေလီရထားလမ်း၏ ဖူဖျောင်းမြို့နယ်မှ နုကျန်းမြစ် အရှေ့ဘက်ကမ်းအထိ အလွန်ရှည်လျားသော ဥမင်လိုဏ်ခေါင်းအုပ်စုကို တည်ဆောက်နိုင်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

 

တာလီ-ရွှေလီရထားလမ်းသည် စုစုပေါင်း (၃၃၀) ကီလိုမီတာ ရှည်လျားပြီး တံတားနှင့်ဥမင်လိုဏ်ခေါင်း (၇၆)ရာခိုင်နှုန်း အထိ ပါဝင်တည်ဆောက်ခဲ့ရတာဖြစ်ပါတယ်။

ထို့အပြင် လမ်းတစ်လျှောက်လုံးကို တာလီမှ ပေါင်စန်း၊ ပေါင်စန်းမှ ရွှေလီ အပိုင်းခွဲ ဆောက်လုပ်မှုပုံစံဖြင့်ဆောင်ရွက်ပြီး ၎င်းအနက် တာလီမှ ပေါင်စန်းအပိုင်းကို ယခုနှစ်အတွင်း စတင်ဖွင့်လှစ်လည်ပတ်နိုင်မည်ဟု ခန့်မှန်းရကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

 

ဓါတ်ပုံ - မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး

 

ymg/kg
#Yangon_Media_Group