#Local_News
Published_ 21 April 2022

 

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအရ တရားစွဲဆိုခံရသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာ ထားထားလင်းကို အလုပ်နှင့်ထောင်ဒဏ် ၃ နှစ် နှင့် ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဒေါက်တာ စိုးဦးကို အလုပ်နှင့်ထောင်ဒဏ် ၂ နှစ် ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရဲ့ သတင်းထုတ်ပြန်မှုအရ သိရပါတယ်။

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြား
ရေးမှူး ဒေါက်တာထားထားလင်းနှင့် တာဝန်ရှိသူများအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့်အညီ အရေးယူပေးပါရန် တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာ ထားထားလင်းသည် GAVI HSS2 Grant (Global Alliance for Vaccines and Immunization-Health System Strengthening 2) ဖြင့် ဆောင်ရွက်သော လုပ်ငန်းများနှင့်ပတ်သက်၍ စီမံချက်မန်နေဂျာအဖြစ် ဆောင်ရွက်စဉ် ညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်ခြင်းမရှိသဖြင့် နိုင်ငံတော်၏ ဘဏ္ဍာငွေကျပ် ၁၆၁ ဒသမ ၁၉၈ သန်းကို နစ်နာဆုံးရှုံးစေခဲ့ခြင်းကြောင့် ဒေါက်တာ ထားထားလင်းအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

 

ထို့ပြင် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦးသည် GAVI HSS2 Grant ဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများတွင် တာဝန်ယူကြီးကြပ်ပြီး စီမံခန့်ခွဲရသူဖြစ်သည့် အလျောက် နိုင်ငံတော်၏ ငွေကြေးနစ်နာဆုံးရှုံးစေသည့် ဒေါက်တာထားထားလင်း၏ ဆောင်ရွက်မှုတွင် ကြီးကြပ်စစ်ဆေးရန် ပျက်ကွက်ခြင်း၊ စီမံခန့်ခွဲရန် ပျက်ကွက်ခြင်း တို့သည် နိုင်ငံတော်ဘဏ္ဍာငွေများ နစ်နာဆုံးရှုံးရန်အတွက် အားပေးကူညီမှုကို ဖြစ်စေခဲ့ခြင်းကြောင့် ဒေါက်တာစိုးဦးအပေါ် ယင်းဥပဒေပုဒ်မ ၅၆/၆၃ အရလည်းကောင်း မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်၌ တရားစွဲဆိုတင်ပိုခဲ့ရာ ရာဇဝတ်ကြီးမှုအမှတ် ၃၆/၂၀၂၁ ဖြင့် လက်ခံစစ်ဆေးခဲ့ခြင်းဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

 

ymg-mnn
#Yangon_Media_Group.