#LocalNews
Published_19 April 2022


စက်သုံးဆီဆိုင်အချို့တွင် ယနေ့ ဧပြီလ ၁၉ ရက် နံနက်က စ၍ ကန့်သတ်ချက်ဖြင့် စတင်ရောင်းချနေသည် ဆိုခြင်းမှာ ဆီပြတ်လပ်နေသောကြောင့် မဟုတ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအပြင် မြန်မာနိုင်ငံရှိ မြို့ကြီးအချို့ ၌ စက်သုံးဆီကို ကားအမျိုးအစားအလိုက် ကန့်သတ်ပမာဏ ဖြင့် ရောင်းချပေးနေသည့်အတွက် အချို့က စိုးရိမ်မှုများ ရှိခဲ့ကြကြောင်းလည်း သိရသည်။

"ဆီလုပ်ငန်းရှင်တွေ အချို့ ဆီပြတ်လပ်မှုမရှိရအောင် လုပ်နေတယ်။ဆီလုပ်ငန်းရှင်တွေ စက်သုံးဆီ တင်သွင်းနိုင်ဖို့ကို ဗဟိုဘဏ်အနေနဲ့က ဈေးပြိုင်လေလံနဲ့ ဒေါ်လာရောင်းပေးဖို့ လုပ်နေတယ်။အခုလည်း နိုင်ငံတွင်း အရန်ဆီ ရှိတယ်။လက်ရှိ တင်သွင်းလာနေဆဲ စက်သုံးဆီလည်း ရှိသလို မြန်မာနိုင်ငံက တချို့ ဆီလုပ်ငန်းရှင်တွေဆိုရင် စင်ကာပူနိုင်ငံထိသွားပြီးတော့ ငွေပေးချေတာတွေ လုပ်နေကြတယ်"ဟု ဆီလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ယနေ့ ဧပြီလ ၁၉ ရက်တွင် ရန်ကုန်မြို့အတွင်း စက်သုံးဆီအရောင်းဆိုင်အချို့ အနေဖြင့် မော်တော်ယာဉ်များကို အနည်းဆုံး ကျပ် ၂ သောင်းမှ အများဆုံး ကျပ် ၅ သောင်းဖိုးသာ ရောင်းပေးကြောင်း၊ကုန်တင်ယာဉ်ကြီးများကို ငွေကျပ် နှစ်သိန်းထိုးထိ ရောင်းပေးကြောင်းလည်း ယာဉ်အသုံးပြုသူများက ပြောသည်။

"ဒီနေ့ Max ဆီဆိုင်မှာ ‌95 သွားထည့်တာ၊မရှိလို့ ကုန်နေပြီ ဆိုလို့ 92ထည့်ခဲ့ရတယ်။ကျွန်တော်တို့ ငယ်ငယ်တုန်းကလို ဆီကို စာအုပ်လေးနဲ့တန်းစီထုတ်ရတဲ့ ခေတ်ကို ပြန်ရောက်သွားသလိုပဲ ခံစားရတယ်။ဆီဆိုင်တချို့ ဆိုရင် ဆီကားမလာလို့ ပိတ်ထားတဲ့ အကြောင်းရေးပြီးတော့ ဆီဆိုင်မှာ ဆိုင်းဘုတ်ထောင်ထားကြတာ ရှိတယ်။ဒီနေ့ ကားတွေ တန်းစီပြီး ဆီတွေ ဝယ်ယူကြတာတော့ တွေ့ရတယ်"ဟု စက်သုံးဆီ သွားဖြည့်သူတစ်ဦးကပြောသည်။

ymg/mt
#Yangon_Media_Group