#LocalNews
Published_9 April 2022

 

တစ်လီတာကို ၂,၀၀၀ ကျပ် အောက်ပြန်ကျလာသော ပြည်တွင်းစက်သုံးဆီဈေး သင်္ကြန်ပြီးလျှင်ထပ်တက်လာမည်ကို စိုးရိမ်နေကြကြောင်း စက်သုံးဆီအသုံးပြုသူများက ပြောဆိုနေကြသည်။

 

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တစ်လီတာလျှင် ငွေကျပ် နှစ်ထောင်ကျော်ထိ မြင့်တက်နေသော စက်သုံးဆီဈေးနှုန်းများမှာ လက်ရှိတွင် ၁,၉၀၀ ခန့် ဖြစ်သွားသည့်အတွက် စက်သုံးဆီအသုံးပြုနေသူများက ကြိုဆိုနေကြသော်လည်း သင်္ကြန်အလွန်တွင် ထပ်တက်လာမည်ကို စိုးရိမ်နေကြခြင်းလည်း ဖြစ်သည်။

 

"အရင်က 92 တစ်လီတာကို ၂,၀၁၅ ကျပ် ထိ ဖြစ်သွားတယ်။အခု ၁,၉၀၀ ဝန်းကျင်ဆိုတော့ တစ်လီတာကို တစ်ရာ တစ်ရာ့ငါးဆယ်ကျော်လောက် ကွာသွားတယ်။ကျွန်တော်တို့ အခုက သင်္ကြန်ကာလကို ရောက်တော့မှဖြစ်လို့ ကားကြီးတွေကလည်း အသုံးပြုတာလျော့ကျလာတာလည်းပါတယ် ၊ ဆီက အရန်ဆီတွေလည်း ရောက်လာတယ်လို့ သတင်းထွက်နေတယ်။

 

ဘယ်လိုပဲဖြစ်ဖြစ် ဆီဈေးက ကျလာတယ်။ဒါကို ထပ်မတက်ဖို့ လိုတယ်။လက်ရှိ သက်ဆိုင်သူတွေက ဒီဈေးကို ထိန်းချုပ်ထားပြီး အဲဒီထက် ဈေးကျလာအောင် လုပ်ပေးလိုတယ်လို့ မြင်တယ်ဗျာ"ဟု အငှားယာဉ်မောင်းတစ်ဦးက ပြောသည်။

 

စက်သုံးဆီဈေး မြင့်တက်ခဲ့သောကြောင့် အဝေးပြေးကုန်စည်လုပ်ငန်းတွင် အချို့ယာဉ်များ ရပ်ဆိုင်းခဲ့ရသည့်အခြေအနေများ ရှိခဲ့ကြောင်း၊ယင်းအပြင် မော်တော်ယာဉ်စီးနင်းခများလည်း မြို့တွင်း မြို့ပြင်၊အဝေးပြေးယာဉ်များလည်း ဈေးတက်ခဲ့ကာ အခြေခံစားသောက်ကုန်အပါအဝင် ကုန်ဈေးနှုန်းများဈေးတက်ခဲ့ကြသည်။

 

ပြည်ပသို့ နိုင်ငံခြားငွေ အသုံးပြုပြီး သွင်းကုန်အတွက်ပေးချေခြင်း၊ ဝန်ဆောင်မှုနှင့် အခြားစရိတ်များအတွက် ပေးချေခြင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုအတွက် အမြတ်ဝေစုပေးပို့ခြင်းနှင့် ရင်းနှီးငွေပြန်လည်ပေးပို့ခြင်း၊ ပြည်ပတွင် ရင်းနှီးမြှုပ်နှံမှုအတွက် လွှဲပြောင်းခြင်း၊ ပြည်ပချေးငွေနှင့် အတိုးများ ပြန်လည်ပေးဆပ်ခြင်း၊ အသုံးစရိတ်တွေ လွှဲပို့ခြင်းများအတွက် နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ၏ ခွင့်ပြုချက်ယူရမည်ဖြစ်ပြီး ခွင့်ပြုချက်ရရှိပါက AD လိုင်စင်ရ ဘဏ်များအနေဖြင့် တစ်ဒေါ်လာလျှင် ၁,၈၅၀ ကျပ်ဖြင့် ရောင်းချပေးရမည် ဖြစ်ကြောင်း ပြီးခဲ့သည့် ဧပြီလ ၃ ရက်တွင် ဗဟိုဘဏ်က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ယင်းနောက်ပိုင်းတွင် စက်သုံးဆီဈေးများ ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

"ဗဟိုဘဏ်က မူသစ်မူဟောင်းကို ကျွန်တော်တို့ မသိဘူး၊ကျွန်တော်တို့က အခု ဆီဈေးကျတယ်။နောက်ပြန်မတက်ရင်ပြီးရောဗျာ"ဟု အငှားယာဉ်မောင်းတစ်ဦးက YMG ကို ပြောပြခဲ့သည်။

 

ymg/mt
#Yangon_Media_Group