Published 9 April 2022

မြန်မာနိုင်ငံက လက်နက်ကိုင်အဖွဲ့တွေအတွက် မြေပြင်မှဝေဟင်ပစ်ဒုံးကျည်တွေအပါအဝင် အကြီးစားလက်နက်တွေ ဝယ်ယူပြီး ဘိန်းဖြူနှင့် မီသမ်ဖက်တမင်းတို့ကို တရားမဝင်ရောင်းဖို့ကြံစည်ကြတဲ့ ဂျပန်ယာကူဇာလူဆိုးဂိုဏ်းခေါင်းဆောင်တစ်ဦးနှင့် ထိုင်းအမျိုးသား(၃)ဦးတို့ကို အမေရိကန်အာဏာပိုင်တွေက ကြာသပတေးနေ့က ဖမ်းဆီးရရှိလိုက်မိတယ်လို့ SCMP သတင်းစာက ဖော်ပြရေးသားခဲ့ပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့နှင့် အင်္ဂါနေ့က အမေရိကန်ပြည်ထောင်စု နယူးယောက်မှာ တာကီရှီ အီဘီဆာဝါ၊ ဆွမ်ပက် ရုကရာဆာရန်နီ၊ ဆွမ်ဖွတ်ဆင်ဟာဆီရီနှင့် ဆူကဆန်ဂျူလန်နန်တို့ကို မူးယစ်ဆေးဝါးနှင့် လက်နက် တရားမဝင်ကုန်သွယ်မှု၊ ငွေကြေးခဝါချမှုတွေနှင့်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ အမေရိကန်တရားရေးဝန်ကြီးဌာနက ပြောပါတယ်။

အနည်းဆုံး၂၀၁၉ခုနှစ်ကတည်းကစပြီး ထိုင်းမှာရှိတဲ့ အမေရိကန်မူးယစ်ဆေးဝါးထိန်းချုပ်ရေးဌာနရဲ့ ထောက်လှမ်းရေးတွေရဲ့ စုံစမ်းဖော်ထုတ်မှုတွေအရ အဲဒီသူတွေဟာ မြန်မာနိုင်ငံက ညီညွတ်သော ဝပြည်သွေးစည်းညီညွတ်ရေးတပ် UWSA က ဘိန်းဖြူနှင့် မီသမ်ဖက်တမင်းအမြောက်အများကို လျို့ဝှက်ထောက်လှမ်းရေးတစ်ဦးထံ ရောင်းချဖို့ စီစဉ်ခဲ့တယ်လို့ သတင်းကရေးသားပါတယ်။

အဲဒီအချိန်မှာပဲ အီဘီဆာဝါဟာ အလိုအလျောက်လက်နက်တွေ၊ဒုံးပျံတွေ၊စက်သေနတ်တွေနှင့် မြေပြင်မှဝေဟင်ပစ် ဒုံကျည်တွေကို မြန်မာနိုင်ငံမှ UWSA၊ KNU ၊SSAနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အတွက် ဝယ်ယူဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၃ရက်မှာ အီဘီဆာဝါနှင့် သူ့မိတ်ဆွေတို့ဟာ ကိုပင်ဟေဂင်ကို သွားခဲ့ပါတယ်။အဲဒီမှာ အမေရိကန်မူးယစ်ထိန်းချုပ်ရေးဌာန DEA လျှို့ဝှက်ထောက်လှမ်းရေးတစ်ဦးနှင့် ဒိန်းမတ်ရဲထောက်လှမ်းရေးအရာရှိနှစ်ဦးတို့က သူတို့ကို စက်သေနတ်တွေနှင့်တင့်ကားဖျက်ဒုံးပျံတွေအပါအဝင် အပြင်ပန်းအားဖြင့်ရောင်းရန်ရှိတဲ့ အမေရိကန်စစ်တပ်လက်နက်တွေပြသခဲ့ပါတယ်။

လေယာဉ်တွေကိုပစ်မှတ်ထားတဲ့ စတင်ဂါဒုံးကျည်တွေရဲ့ဓာတ်ပုံတွေနှင့် ဗွီဒီယိုတွေကိုလည်း သူတို့က အီဘီဆာဝါကို ပြသခဲ့ပါတယ်။

“မစ္စတာအီဘီဆာဝါနှင့် ပူးပေါင်းကြံစည်သူတွေဟာ အကြီးစားလက်နက်တွေကို ဝယ်ယူပြီး တရားမဝင်မူးယစ်ဆေးဝါး အမြောက်အများကို ရောင်းချဖို့  DEA လျို့ဝှက်ထောက်လှမ်းရေးတစ်ဦးနှင့် အရောင်းအဝယ်ပွဲစား လုပ်ခဲ့ကြကြောင်း သူတို့ကို ကျွန်တော်တို့က စွပ်စွဲထားပါတယ်” လို့ တရားရေးဝန်ကြီးဌာနကပြောပါတယ်။

မူးယစ်ဆေးဝါးတွေဟာ နယူးယောက်မြို့အထိပေးပို့ဖို့ဖြစ်ပြီး လက်နက်တွေကိုတော့ လက်နက်ကိုင် အဖွဲ့တွေဆီ ပို့ပေးရမှာဖြစ်ပါတယ် လို့ ဌာနကဆက်ပြောပါတယ်။

အီဘီဆာဝါဟာ ယာကူဇာနိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းတစ်ခုရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တယ်လို့ တရားရေးဝန်ကြီးဌာနက ပြောပါတယ်။

ဂျူလန်နန်ဟာ ထိုင်း-အမေရိကန် နှစ်နိုင်ငံ နိုင်ငံသားခံယူထားသူဖြစ်ပြီး ဆင်ဟာဆီရီနှင့် ရုကရာဆာရန်နီ တို့ဟာ ထိုင်းနိုင်ငံသားတွေဖြစ်ကြပါတယ်။

ဂျူလန်နန်ဟာ ထိုင်းလေတပ်က ဗိုလ်ချူပ်ကြီးဖြစ်ပြီး ရုကရာဆာရန်နီဟာ ထိုင်းစစ်တပ်အငြိမ်းစားအရာရှိကြီးဖြစ်တယ်လို့ စုံးစမ်းစစ်ဆေးမှုတွေပြုလုပ်စဉ်အတွင်း အီဘီဆာဝါက DEA ထောက်လှမ်းရေးကိုပြောခဲ့တယ်လို့ အမှုစွဲချက်အရသိရပါတယ်။

သူတို့သုံးဦးဟာ မြန်မာနိုင်ငံအပြင် သီရိလင်္ကာနိုင်ငံက သူပုန်တွေအတွက်ပါ လက်နက်ဝယ်ယူပေးဖို့ကြိုးစားခဲ့တာဖြစ်တယ်လို့လည်း သတင်းမှာဖော်ပြထားပါတယ်။

နယူးယောက်မှာ ဖမ်းဆီးခံရတဲ့အချိန်မှာ အမေရိကန်ပြည်ထောင်စုထဲ အဲဒီလူ(၄)ဦး ဘယ်လိုရောက်လာသလဲဆိုတဲ့ အချက်ကိုတော့ တရားရေးဝန်ကြီးဌာနက ရှင်းပြမထားပါဘူး။

Source SCMP