#LocalNews
Published-30 Mar 2022

 

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့၌ မတ်လ(၃၀)ရက် ယနေ့ နံနက်ပိုင်းက နန့်ပုတ်တံတားကျိုးကျ၍ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တစ်ဦး သေဆုံးသွားခဲ့ကြောင်း မိုးညှင်းမြို့နယ်ရဲတပ်ဖွဲ့ကနေ သိရပါတယ်။

 

ဖြစ်စဉ်မှာ ယနေ့နံနက် ၆ နာရီကျော်ခန့်က မိုးညှင်းမြို့မှ ကာဒူကျေးရွာသို့ ဆက်သွယ်ထားသည့် ကားလမ်းမပေါ်တွင် နန့်ပုတ်ကျေးရွာကုန်ထုတ်လမ်းအတိုင်း ယာဉ်မောင်ဦးအောင်မြင့်ထွန်းမောင်းနှင်သော သစ်ခွဲသားများ တင်ဆောင်လာသည့် ယမ်းဖောင်(၆)ဘီးယာဉ်သည် နန့်ပုတ်ကျေးရွာအဝင် ပေါ်တော်မူဘုရားအနီးရှိ နန့်ရင်းချောင်းကူးတံတား အကျယ်(၁၂)ပေနှင့် အရှည်(၁၅၀)ပေရှိသော သစ်သားတံတားပေါ်သို့ ဖြတ်သန်းမောင်းနှင်စဉ် အဆိုပါတံတားကျိုးကျသွားခဲ့ပြီး ၎င်းယာဉ်ပါပြုတ်ကျမှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

အဆိုပါဖြစ်ပွားမှုကြောင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် သုံးဦးအနက် မိုးညှင်းမြို့၊ မြို့မရပ်ကွက်၊ သိမ်အင်းရပ်တွင်နေထိုင်သူ ယာဉ်မောင်း ဦးအောင်မြင့်ထွန်းသည် အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသွားခဲ့ပြီး ယာဉ်နောက်လိုက် မောင်အောင်မြင့်မှာ နေအိမ်၌ဆေးကုသမှုခံယူနေစဥ် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

 

ymg/hm
#Yangon_Media_Group