#LocalNews
Published - 7 Mar 2022

 

ကချင်ပြည်နယ်၊ ပူတာအိုဒေသတွင် စစ်ဘေးရှောင်ပြည်သူတွေ တိုးလာနေပြီး လက်ရှိမှာ စစ်ဘေးရှောင်ပြည်သူအရေအတွက်က ထောင်နဲ့ချီပြီးရှိနေတယ်လို့ ပူတာအိုမြို့ဒေသခံများထံမှ သိရပါတယ်။

 

ဒါ့အပြင် စစ်ဘေးရှောင်ပြည်သူများအတွက် လတ်တလောမှာ အရေးပေါ်အကူအညီများကိုလည်း အပူတပြင်းလိုအပ်နေပြီး စစ်ဘေး ရှောင်ပြည်သူတွေအနေနဲ့ ကတုတ်ကျင်းတွေမှာ ပုန်းခိုနေကြရသလို နီးစပ်ရာတော၊ တောင်များထဲသို့ ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်တယ်လို့ အဆိုပါဒေသခံများက ပြောပါတယ်။

 

"တိုက်ပွဲတွေလည်း ဖြစ်နေသလို စစ်ဘေးရှောင်ပြည်သူတွေကလည်း တဖြေးဖြေးတိုးလာပါတယ်။ တိုက်ပွဲတွေဖြစ်နေတော့ သူတို့ရွာမှာ နေလို့မရဘူး။ နီးစပ်ရာ တောတောင်တွေထဲမှာပဲ ခိုလှုံနေကြရတယ်။ လတ်တလောမှာ သူတို့အတွက် စားစရာတွေလိုမယ်၊ နေရာ
ထိုင်ခင်းအတွက် အမိုးအကာတွေလိုပါမယ်။ ကျွန်တော်သိရသလောက်ဆိုရင် စစ်ဘေးရှောင်ပြည်သူအရေအတွက်က ၃,၀၀၀ ကနေ ၄,၀၀၀ ကြားလောက် ရှိနိုင်ပါတယ်။"လို့ ပူတာအိုမြို့ဒေသခံတစ်ဦးက ပြောပြခဲ့ပါတယ်။

 

အဆိုပါ ပူတာအိုဒေသရှိ လုံရှာယာန်ကျေးရွာနှင့် ဖတ်မာကျေးရွာကြားတွင် တပ်မတော်နှင့် ဒေသခံကချင်လွတ်မြောက်ရေတပ်(KIA)နှင့် ဒေသခံပြည်သူလက်နက်ကိုင်(PDF) ပူးပေါင်းတပ်တို့အကြား ယခုနှစ် ဖေဖော်ဝါရီလဆန်းမှစတင်၍ ယနေ့အထိ ထိ တွေ့တိုက်ပွဲများ ဖြစ်ပွားနေခဲ့တာဖြစ်ပါတယ်။

 

လတ်တလောမှာလည်း အဆိုပါတိုက်ပွဲတွေကြောင့် ဒေသခံပြည်သူတွေအနေနဲ့ နေရပ်စွန့်ခွာ၍ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရမှုတွေလည်း ရှိနေတာပါ။

 

ယင်းထိတွေတိုက်ပွဲတွေဟာ ပူတာအိုနဲ့ မြစ်ကြီးနားသွားသည့် ကားလမ်းတွေပေါ်မှာ ဖြစ်ပွားနေခြင်းဖြစ်ပြီး ပူတာအိုမြို့နဲ့ဆိုပါက (၁၀)မိုင်ကျော်ခန့်သာကွာဝေးသည့်နေရာတွင် တိုက်ပွဲများဖြစ်ပွား နေခြင်းဖြစ်တယ်လို့ ဒေသခံများထံမှ သိရပါတယ်။

 

လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်ပြည်သူများကို အကူအညီပေးဖို့ အခက်အခဲတွေလည်းရှိနေပြီး ယခုလို ရေရှည်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေမည်ဆိုပါက စစ်ဘေးရှောင်ပြည်သူအရေအတွက်က ထပ်မံတိုးလာနိုင်တဲ့ အနေအထားမှာရှိနိုင်မယ်လို့ စစ်ဘေးရှောင်အရေးကိစ္စရပ်များကို ကူညီဆောင်ရွက်ပေးနေသူများက ဆိုပါတယ်။

 

ဒါ့အပြင် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး(UNOCHA)ရုံးက ဖေဖော်ဝါရီလ ၃ ရက်နေ့ကတည်းက ဖြစ်ပွား နေတဲ့တိုက်ပွဲတွေကြောင့် ပူတာအိုမြို့နယ်အတွင်းရှိ ကျေးရွာ ၅ ရွာက လူဦးရေ ၆,၀၀၀ ကျော်ဟာ တိုက်ပွဲရှောင်ထွက်ပြေးနေရတယ်လို့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

 

Photo - CJ
ymg/kg
#Yangon_Media_Group