#LocalNews
Published-15 Jan 2022
ဗဟိုဘဏ်က ရောင်းချပေးတဲ့ ဒေါ်လာဈေးနှုန်းအရ ကန်ဒေါ်လာ ၃၄ သန်းတန်ဖိုးရှိတဲ့ လုပ်ငန်းသုံးစက်သုံးဆီတွေကို ရောင်းပေးနေတာဖြစ်ပြီး နောက်ထပ် ကန်ဒေါ်လာ သန်း ၃၀ ဖိုးကိုလည်း ရောင်းချပေးဖို့ ရှိတယ်လို့ သိရပါတယ်။
ရန်ကုန်ဈေးနှုန်းအနေနဲ့ ပရိမီယမ် ဒီဇယ် တစ်လီတာကို ၁၄၀၁ ကျပ်နဲ့ ရိုးရိုးဒီဇယ် တစ်လီတာကို ၁၃၇၇ ကျပ်နဲ့ ဒီကနေ့ ဝယ်ယူနိုင်မှာဖြစ်ပြီး တခြားတိုင်းနဲ့ ပြည်နယ်မှာတော့ သယ်ယူစရိတ်ကြောင့် ဈေးအပြောင်းအလဲ ရှိမှာ ဖြစ်ပါတယ်။
“ဗဟိုဘဏ်က ရောင်းချပေးတဲ့ ဒေါ်လာတန်ဖိုးနဲ့ ညီမျှတဲ့ ဆီပမာဏကို ရောင်းချပေးမှာ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ အပြောင်းအလဲရှိတာပေါ့။ ဗဟိုဘဏ် သတ်မှတ်နှုန်းနဲ့ပဲ တွက်ချက်ပြီး ရောင်းချပေးနေတာဆိုတော့ အများကြီးသက်သာနေတာလေ။ တစ်လီတာကို ၉၀၊ ၁၀၀ နီးပါး သက်သာတယ်။ တစ်ဂါလန်ဆိုရင် ၄၃၀၊ ၄၅၀ လောက် သက်တာပေါ့။ နောက်ထပ်လည်း ရောင်းဖိုရှိတယ်” လို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
လုပ်ငန်းသုံးစက်သုံးဆီ ပရိမီယမ်ဒီယ်နဲ့ ရိုးရိုးဒီဇယ်တို့ကို အထူးဈေးနှုန်းနဲ့ ရန်ကုန်၊ မန္တလေးအပါအဝင် တိုင်းနဲ့ ပြည်နယ်မှာရှိတဲ့ စက်သုံးဆီအရောင်းဆိုင် ၁၈၃ ဆိုင်မှာ ဒီကနေ့ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။
မြန်မာ့ရေနံနှင့် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ထုတ်ပြန်ထားတဲ့ ဈေးနှုန်းအတိုင်း ရောင်းချပေးတာဖြစ်ပြီး လုပ်ငန်းသုံးစက်သုံးဆီ ဒီဇယ်ဆီဂါလန်ပေါင်း ၁၂ ဒသမ ၅၄ သန်းခန့်ကို အထူးဈေးနှုန်းနဲ့ ရောင်းချပေးနေတာပါ။
လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၂ ရက်နေ့ကလည်း ဗဟိုဘဏ်က ရောင်းချပေးတဲ့ ဒေါ်လာဈေးနှုန်းအတိုင်း သက်သာတဲ့ဈေးနှုန်းနဲ့ စက်သုံးဆီတွေကို ရောင်းချပေးခဲ့ပါတယ်။
ymg/ee
photo-Internet
#Yangon_Media_Group