#LocalNews
Published - 14 Jan 2022
နိုင်ငံခြားသား ၃ ဦးတွင် အိုမီခရွန်ဗီဇပြောင်းပိုးထပ်မံတွေ့ရှိခဲ့သည့်အတွက် ယနေ့(ဇန်နဝါရီ ၁၄)ရက်နေ့အထိ မြန်မာနိုင်ငံမှာ အိုမီခရွန်ပိုးတွေ့ရှိသူ စုစုပေါင်း ၆၆ ဦးအထိ ရှိလာပြီဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာ၏ ထုတ်ပြန်ချက်အရ သိရပါတယ်။
ကိုဗစ် ၁၉ မျိုးရိုးဗီဇပြောင်း ရောဂါပိုးတွေ့ရှိနိုင်တဲ့ သံသယဖြစ်ဖွယ်ဓာတ်ခွဲနမူနာများအား ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇစစ်ဆေးခြင်းကို တပ်မတော်ဆေးသုတေသနတပ်တွင်(ဇန်နဝါရီ ၁၃ ရက်) နေ့က ဆောင်ရွက်ခဲ့ရာ SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုးကို ဓာတ်ခွဲနမူနာ(၃)ခု တွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အိုမီခရွန်ရောဂါပိုးတွေ့ရှိသူများမှာ ဖိလစ်ပိုင်နိုင်ငံမှ ဝင်ရောက်လာသူ ၂ ဦးနှင့် မလေးရှားနိုင်ငံမှ ဝင် ရောက်လာသူ ၁ ဦးတို့ဖြစ်ပြီး အိုမီခရွန်ရောဂါပိုးတွေ့ရှိသူများအား သတ်မှတ်ဆေးရုံကြီးများတွင် သီးသန့်ထားရှိကာ ကုသစောင့်ရှောက်မှုများဆောင်ရွက်လျက်ရှိပြီး ၎င်းတို့နဲ့ လေကြောင်းခရီးစဉ်တွင် အတူလိုက်ပါလာတဲ့ ခရီးသည်တွေကိုလည်း အသွားအလာကန့်သတ်ခြင်း(Strict Quarantine)နဲ့ ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ဒါ့အပြင် ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုးစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံများမှ ကယ်ဆယ်ရေးလေယာဉ် (Relief Flight) များဖြင့် ပြန်လည်ဝင်ရောက်လာသူများတွင် SARS CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုးတွေ့ရှိမှုများကို ကျန်းမာရေးဝန်ကြီးဌာနမှ အချိန်နဲ့တစ်ပြေးညီ
သတင်းထုတ်ပြန်ပေးလျက်ရှိတယ်လို့လည်း သိရပါတယ်။
YMG/kg
#Yangon_Media_Group