#LocalNews

Published - 28 Dec 2021

 

ကုလားတန် ဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်းနှင့် သုံးနိုင်ငံအဝေးပြေးလမ်းမကြီးကဲ့သို့သော လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ စီမံကိန်းများကို ထိရောက်မြန်ဆန်စွာအကောင်အထည်ဖော်နိုင်ရန်နှင့် နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များအရ လုပ်ဆောင်နေသော ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များကို ဆက်လက်ဆောင်ရွက်ရန် ထပ်မံကတိပြု ပြောကြားခဲ့ကြောင်း အိန္ဒိယသံရုံးက သိရသည်။

 

အိန္ဒိယနိုင်ငံ၊ ပြည်ပရေးရာဝန်ကြီးဌာန၊ နိုင်ငံခြားရေးအတွင်းဝန် Shri Harsh Vardhan Shringla ၏ ဒီဇင်ဘာလ ၂၂ ရက်နှင့်၂၃ ရက် မြန်မာနိုင်ငံခရီးစဉ်အတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌနှင့် အခြားအဆင့်မြင့် ကိုယ်စားလှယ်များ ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အပါအဝင် နိုင်ငံရေးပါတီများနှင့် လူမှုရေးအဖွဲ့အစည်းများမှ အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း မြန်မာနိုင်ငံအခြေစိုက် သံအမတ်ကြီးများနှင့် ကုလသမဂ္ဂကိုယ်စားလှယ်များနှင့် တွေ့ဆုံခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။

 

တွေ့ဆုံစဉ် ဒီမိုကရေစီလမ်းကြောင်းကို ဆောလျင်စွာပြန်သွားရေး၊ ထိန်းသိမ်းခံရသူများနှင့် အကျဉ်းသားများကို ပြန်လွှတ်ပေးရေး၊ တွေ့ဆုံဆွေးနွေးရေးမှတစ်ဆင့် ပြဿနာများ ဖြေရှင်းရေးနှင့် အကြမ်းဖက်မှုအားလုံးကို အပြီးအပိုင် အဆုံးသတ်စေလိုကြောင်း၊ အာဆီယံ၏ ဘုံသဘောတူညီချက် ငါးချက်ကိုအခြေခံ၍ လက်တွေ့ကျပြီး အပြုသဘောဆောင်သောနည်းလမ်းဖြင့် ဆောင်ရွက်မှုမှတစ်ဆင့် တိုးတက်မှုရရှိနိုင်မည်ဟုမျှော်လင့်ကြောင်း နိုင်ငံခြားရေးအတွင်းဝန်က ပြောကြားခဲ့သည်။

 

အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံနယ်စပ်တစ်လျှောက် နေထိုင်လျက်ရှိသော လူမှုအသိုင်းအဝိုင်းများ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်တိုက်ဖျက်ရေးအတွက် နိုင်ငံကြက်ခြေနီအသင်းသို့ အိန္ဒိယနိုင်ငံထုတ် ကာကွယ်ဆေး အလုံးရေ (၁) သန်းကို ထောက်ပံ့ခဲ့ပြီး ဆန်နှင့် ဂျုံတန်ချိန် တစ်သောင်းကိုလည်း ကူညီထောက်ပံ့မည်ဟု ကြေညာခဲ့သေးသည်။

#Yangon_Media_Group