#LocalNews

Published - 24 Dec 2021

 

ပုဒ်မ ၅၀၅-က နဲ့ တရားစွဲခံရတဲ့ သရုပ်ဆောင်ရဲတိုက်ကို ဒီဇင်ဘာလ ၂၈ ရက်နေ့ မှာ ချိန်းဆိုထားတဲ့ ရုံးချိန်းအတွင်း စတင်စစ်ဆေးသွားမယ်လိ့် သူ့ရဲ့ရှေ့နေက ပြောပါတယ်။

 

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၂ ရက်နေ့က သရုပ်ဆောင် ရဲတိုက်ကို တရားရှင်လွှတ်ပေးဖို့ လျှောက်ထားခဲ့ပေမဲ့ တရားရုံးက စွဲချက်တင်အမိန့်ချမှတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

သရုပ်ဆောင် ရဲတိုက်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၅ ရက်နေ့က အင်းစိန်ထောင်တွင်း အထူးတရားရုံးမှာ အမှုရင်ဆိုင်နေတာကနေ ကိုယ်အပူချိန်ပြင်းပြီး ဖျားနေတာကြောင့် သတိလစ် မေ့မြောသွားခဲ့ပါသေးတယ်။

 

“ကျွန်တော်တို့ရဲ့ လျှောက်လဲချက်ကို ဖယ်ပြီးတော့စွဲချက်တင်မယ်လို့ အမိန့်ချလိုက်တာ၊ဒီဇင်ဘာ ၂၇ ရက်မှာ လသာ တရားရုံး နဲ့ ဒီဇင်ဘာ ၂၈ ရက်မှာ မရမ်းကုန်း တရားရုံးမှာ စပြီးတော့ စစ်မှာ ဖြစ်ပါတယ်"လို့ ရဲတိုက်ရဲ့ ရှေ့နေ၊ ဥပဒေအကြံပေး ဦးခင်မောင်မြင့် က ရန်ကုန်တိုင်းမ်ကို ပြောပါတယ်။

 


ရဲတိုက် လက်ရှိရင်ဆိုင်နေရတဲ့အမှု ၂ မှု ကတော့ ဥပဒေပုဒ်မ ၅၀၅-က အမှု နဲ့ မူးယစ်ပုဒ်မ ၁၆ (ဂ) အမှုတို့ ဖြစ်ပါတယ်။ဥပဒေပုဒ်မ ၅၀၅-က အမှုကို လသာမြို့မရဲစခန်းမှာ ရင်ဆိုင်ရမှာဖြစ်ပြီး
မူးယစ်ပုဒ်မ ၁၆ (ဂ) အမှုကို မရမ်းကုန်းမြို့မရဲစခန်းမှာ ရင်ဆိုင်နေရတာပါ။

 

ဥပဒေပုဒ်မ ၅၀၅-က ဟာ ပြစ်မှုထင်ရှားတယ်ဆိုရင် ထောင်ဒဏ် ၃ နှစ်အထိ ဖြစ်စေ၊ ဒဏ်ငွေဖြစ်စေ ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ချမှတ်နိုင်ပြီးတော့ မူးယစ်စေတတ်သော ဆေးဝါးများဥပဒေပုဒ်မ ၁၆ (ဂ) ဟာ ထောင်ဒဏ် ၅ နှစ်မှ ၁၀ နှစ် အတွင်း ချမှတ်နိုင်တဲ့ပုဒ်မဖြစ်တယ်လို့ သိရပါတယ်။

#Yangon_Media_Group