#LocalNews

Published - 23 Dec 2021

 

မြန်မာနိုင်ငံတွင် လာနီညာရာသီဥတုပြောင်းလဲမှုတွေ ၂၀၂၂ ခုနှစ် မတ်လထိ ဖြစ်ပွားမယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

 

လာနီညာ ဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံမှာ ညအပူချိန် လျော့နည်းတာ၊ အအေးပိုတာ၊ အရှေ့ဘက်မှ လေပွေလှိုင်းတွေ တိုက်ခတ်တာ၊ အချိန်အခါမဟုတ် မိုးရွာသွန်းတဲ့ဖြစ်စဉ်တွေ ပိုမိုဖြစ်ပေါ်လာတာ စတဲ့ရာသီဥတုဖြစ်စဉ်တွေ ဖြစ်ပေါ်လေ့ရှိပါတယ်။

 

ဒါကြောင့် အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်တဲ့အတွက် မြန်မာနိုင်ငံအနေနဲ့ ပွင်းလင်းရာသီမှာ လုပ်ကိုင်နေတဲ့ ဆားလုပ်ငန်းလို လုပ်ငန်းတွေ၊ စိုက်ပျိုးရေးဆိုင်ရာ လုပ်ငန်းတွေအနေနဲ့ သတိထားရမယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက အခုလို ပြောပါတယ်။

 

“အချိန်အခါမဟုတ် မိုးရွာတာဆိုတော့ ပွင့်လင်းရာသီမှာ လုပ်ကိုင်တဲ့ အဓိက ဆားလုပ်ငန်းပေါ့ ဆားလုပ်ငန်းဆိုရင် ပွင့်လင်းရာသီရောက်မှ လုပ်ရတဲ့အလုပ်တွေ၊ ဒါတွေကျတော့ အချိန်အခါမဟုတ် မိုးရွာသွန်းတာတွေ မကြာခနဖြစ်နေရင် ဒီလုပ်ငန်းတွေပေါ်မှာလည်း ထိခိုက်တာပေါ့၊ စိုက်ပျိုးရေးဆိုရင်လည်း ဆောင်းသီနှံတွေ ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်နိုင်တာပေါ့နော်”ဟု ညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောပါတယ်။

 

နိုင်ငံတကာ မိုးလေဝသဌာနတွေရဲ့ သင်္ချာပုံစံပြုမော်ဒယ်တွေရဲ့ ခန့်မှန်းချက်အရ ယခုလက်ရှိမှ လာမယ့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလအတွင်း အားအသင့်အတင့်ရှိတဲ့ လာနီညာအဆင့်တွင် ဆက်လက်တည်ရှိနိုင်ပြီး ဖေဖော်ဝါရီလနဲ့ မတ်လတွေမှာ အားအနည်းငယ်ရှိတဲ့ လာနီညာအဆင့်သို့ ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

#Yangon_Media_Group