#LocalNews

Published - 21 Dec 2021

 

နေပြည်တော်ရှိ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ရုံးခန်းကိုဆက်လက်ထားရှိခြင်းမပြုရန် ဆုံးဖြတ်ဟု နစက နိုင်ငံခြားရေးဝန်ကြီးဌာနကဒီဇင်ဘာ ၂၀ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်လိုက်ပါတယ်။

 

သတင်းထုတ်ပြန်ရာတွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Ms. Christine Schraner Burgener ရဲ့ ရုံးခန်းကို နေပြည်တော်၌ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်တွင် စတင်ဖွင့်လှစ်ခဲ့တယ်လို့ ဆိုပါတယ်။

 

မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတစ်နိုင်ငံအပေါ် ဦးတည်ချမှတ်တဲ့ အဆိုဆုံးဖြတ်ချက်များမှထွက်ပေါ် တဲ့ လုပ်ပိုင်ခွင့်များကို အစဉ်တစိုက် ဆန့်ကျင်ကန့်ကွက်ခဲ့သော်လည်း ကုလသမဂ္ဂနဲ့ပူးပေါင်းဆောင်ရွက်မှုကို ပြသတဲ့အနေဖြင့် Ms. Christine Schraner Burgener နှင့် ကိစ္စရပ်တစ်ခုချင်းစီအလိုက် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး၊ ၎င်း၏ရုံးခန်းကို မြန်မာနိုင်ငံ၌ ဖွင့်လှစ်ခွင့်ပြုခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

 

ကုလသမဂ္ဂရဲ့ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၅ ရက်စွဲပါ သတင်းထုတ်ပြန်ချက်အရ ကုလသမဂ္ဂအတွင်း ရေးမှူးချုပ်က မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်သစ် ခန့်အပ်ကြောင်းနဲ့ Ms. Christine Schraner Burgener ရဲ့ နေရာတွင် ဆက်ခံမည်ဖြစ်ကြောင်းသိရှိရပြီး ယခုအခါ Ms. Christine Schraner Burgener ၏ တာဝန်ပြီးဆုံးပြီဖြစ်ကြောင်း သိရှိရတာကြောင့် ၎င်း၏ရုံးခန်းကို မြန်မာနိုင်ငံ၌ ဆက်လက်ထားရှိခြင်းမပြုရန်ဆုံးဖြတ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကုလသမဂ္ဂဘက်သိုဒီဇင်ဘာ ၂၀ ရက်တွင် အကြောင်းကြားထားတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

#Yangon_Media_Group