#LocalNews

Published - 20 Dec 2021

ခေတ်မီ လုပ်ငန်းသုံး ယာဉ်/စက်များကို အသုံးပြု၍ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလေ့ကျင့်မှုများကို ပြုလုပ်လျက်ရှိတယ်လို့ မီးသတ်ဦးစီးဌာနက ဒီကနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ ခေတ်မီ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံး ယာဉ်/စက်များ ကိုင်တွယ်ထိန်းသိမ်း အသုံးပြုမှုလေ့ကျင့်ရေးသင်တန်းကို နေပြည်တော် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လက်ထောက် မီးသတ်ဦးစီးမှူးနှင့် ဒုမီးသတ်ဦးစီးမှူးအဆင့် အရာရှိသင်တန်းသား ၃၀ ဦးတို့ကတက်ရောက်လျက်ရှိပြီး ရန်ကုန်မြို့ ရှိ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဌာနချုပ်၊ လေ့ကျင့်ရေးဌာနစုတွင် လေ့ကျင့်သင်ကြားပေးနေတာဖြစ်တယ်လို့ သိရပါတယ်။

(၂)ပတ်တာ ကြာမြှင့်မည်ဖြစ်သည့် အဆိုပါ လေ့ကျင့်မှုအစီအစဉ်တွင် ပိုလန်နိုင်ငံ၏ ODA အစီအစဉ်ဖြင့် ဝယ်ယူဖြည့်တင်းထားသည့် ခေတ်မီ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံး ယာဉ်နှင့် စက်ပစ္စည်းကိရိယာများအား ကိုင်တွယ် အသုံးပြုမှုများကို လေ့ကျင့်သင်ကြားပေးနေခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

တိုင်းဒေသကြီး/ ပြည်နယ်များတွင် ခေတ်မီ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးယာဉ်နှင့် စက်ပစ္စည်းကိရိယာများအပေါ် စနစ်တကျ ကိုင်တွယ်ထိန်းသိမ်း အသုံးပြုတတ်စေရန် ရည်ရွယ်၍ ယခုလေ့ကျင့်ရေးသင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ပြီး နည်းပြများအဖြစ် ပြန်လည် ဆင့်ပွားပို့ချနိုင်အောင်လေ့ကျင့်ပေးနေတာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ လေ့ကျင့်မှုပြုလုပ်ရာသို့ မီးသတ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူနှင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ မှ အရာရှိကြီးများက ဒီကနေ့မှာ တက်ရောက်ကြည့်ရှုစစ်ဆေးခဲ့တယ်လို့လည်း မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ခဲ့တာပါ။

Photo - MFSD

#YangonMediaGroup