#LocalNews

Published - 11 Dec 2021

 

ရှမ်းပြည်နယ်၊ ညောင်ရွှေအကျဉ်းထောင် (တောင်လေးလုံးထောင်)တွင် ၈ လကျော်ကြာ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ကမ္ဘောဇတိုင်းသတင်းဌာနမှ သတင်းမီဒီယာသမားများနှင့် မိသားစုဝင် (သတင်းသမားဟု စွပ်စွဲခံရသူ)၊ စုစုပေါင်း ၄ ဦးတို့ကို ဒီဇင်ဘာလ ၁၀ ရက်တွင် ထောင်တွင်းတရားရုံးက ထောင်ဒဏ် ၃ နှစ်စီ ချမှတ်လိုက်ကြောင်း အဆိုပါ သတင်းဌာနက ထုတ်ပြန်ခဲ့ပါတယ်။

 

ကမ္ဘောဇတိုင်းသတင်းဌာနမှ တာဝန်ခံအယ်ဒီတာ နန်းနန်းတိုင်း (ခ) နန်းနွေးနွေးလှိုင်၊ သတင်းထောက် နန်းဝင်းရီ၊ ထုတ်ဝေသူ ကိုတင်အောင်ကျော်နှင့် သတင်းသမားဟု စွပ်စွဲခံရသည့် မိသားစုဝင် စိုင်းစည်သူတို့သည် ပြီးခဲ့သည့် မတ်လ ၂၄ ရက်၊ ညပိုင်းက ဟိုပုံးမြို့တွင် စကစ လုံခြုံ ရေးတပ်ဖွဲ့တွေရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းကိုခံခဲ့ရပြီး‌နောက် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် ညောင်ရွှေအကျဉ်းထောင်တွင် ၈ လကျော်ကြာ ထိန်းသိမ်းခံထားခဲ့ရတာပါ။

 

၄င်းတို့ကို ညောင်ရွှေအကျဉ်းထောင်ရှိ တရားရုံးက ဧပြီလ ၈ ရက်မှ ယနေ့ ဒီဇင်ဘာလ ၁၀ ရက်အထိ ရုံးချိန်း ၁၉ ကြိမ်အတွင်း စစ်ဆေးခြင်း၊ ကြားနာခြင်း၊ စွဲချက်/လျှောက်လဲချက်များ တင်ပြီးနောက် ဒီဇင်ဘာလ ၁၀ ရက်တွင် ၎င်းတို့ ၄ ဦးအား ထောင်ဒဏ် ၃ နှစ်စီ အသီးသီး ချမှတ်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

 

ဓါတ်ပုံ - ကမ္ဘောဇတိုင်းသတင်းဌာန။

#Yangon_Media_Group