#LocalNews

Published - 11 Dec 2021

 

အမှတ်တံဆိပ်ပါ ဘူးသွင်းသောက်ရေသန့်နဲ့ စားသုံးဆီတို့ကို ထိန်းချုပ်အစားအသောက်အဖြစ် သတ်မှတ်လိုက်တယ်လို့ မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

 

ထိန်းချုပ်အစားအသောက်အဖြစ် သတ်မှတ်လိုက်တဲ့ စားသောက်ကုန်စည်တွေအနေနဲ့ သတ်မှတ်ထားတဲ့ အစိုးရဌာနမှာ မှတ်ပုံတင်ထားပြီးမှ ထုတ်လုပ်ခွင့်ရှိတော့မှာ ဖြစ်ပါတယ်။

 

“ရေသန့်ဆိုရင် FDA လက်မှတ်မရှိရင် ရေသန့်ထုတ်ခွင့်မရှိဘူး။ ဆီစက်ရုံတွေမှာလည်း FDA မှာ မှတ်ပုံမတင်ထားတဲ့ စက်ရုံတွေရှိတယ်။ ဈေးကွက်ထဲမှာရောင်းနေတဲ့ ဘူးနဲ့ ထည့်သွင်းရောင်းချတဲ့ စားသုံးဆီတွေမှာလည်း မှတ်ပုံမတင်ထားတာတွေရှိတယ်။ အဲဒါတွေက အခုဆိုရင် FDA မှာ ထောက်ခံချက်ယူရတော့မယ်။ အဲနေရာမှာ ပဲဆီထုတ်မယ်ဆိုရင် ပဲဆီတစ်မျိုးပဲ ထုတ်ခွင့်ရှိတော့မယ် ၁ လီတာဆိုရင် ၁ လီတာပဲ ထုတ်ခွင့်ရှိတော့မယ်ဆိုတဲ့ သဘောပါ” လို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

အမျိုးသားအစားအသောက် ဥပဒေပုဒ်မ ၃၈ (ခ)အရ အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီး ဥပဒေပုဒ်မ ၆ (င) အရ သတ်မှတ်လိုက်တာ ဖြစ်ပြီး ထိန်းချုပ်အစားအသောက် ထုတ်လုပ်လိုသူတွေအနေနဲ့ လိုင်စင်ထုတ်ပေးခွင့်ရှိတဲ့ အစိုးရဌာန သို့မဟုတ် အဖွဲ့အစည်းကို လိုင်စင်လျှောက်ထားရာတွင် ကျန်းမာရေးဦးစီးဌာနရဲ့ ထောက်ခံခွင့်ပြုချက်ရမှသာ လျှောက်ထားခွင့်ရှိတယ်လို့ သတ်မှတ်ပြဋ္ဌာန်းထားပါတယ်။

 

“စားသုံးဆီကို ထိန်းချုပ်အစားအသောက်အဖြစ် သတ်မှတ်ခဲ့လို့ များစွာဂုဏ်ယူဝမ်းသာပါတယ်။ မသန့်တဲ့ဆီကြောင့် ဖြစ်လာနိုင်တဲ့ ရောဂါပေါင်းများစွာကို ခံစားနိုင်သလို သန့်ရှင်းတဲ့စားသုံးဆီကြောင့် ကောင်းမွန်တဲ့ ကျန်းမာရေးအထောက်အပံ့များစွာကို ရနိုင်ပါတယ်” လို့ မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းက လူမှုကွန်ယက်မှာ ဖော်ပြထားတာတွေ့ရပါတယ်။

 

အမျိုးသားအစားအသောက်ဥပဒေမှာ ထိန်းချုပ်အစားအသောက်ကို အာဏာပိုင်အဖွဲ့က အခါအားလျော်စွာ အမိန့်ကြော်ငြာစာ ထုတ်ပြန်ပြီး ထိန်းချုပ်အစားအသောက်အဖြစ် သတ်မှတ်သော အစားအသောက်ကို ဆိုလိုကြောင်း ဖော်ပြထားပါတယ်။

#Yangon_Media_Group