#LocalNews

Published - 10 Dec 2021

 

ပြည်နယ်နဲ့ တိုင်းဒေသကြီးအတော်များများမှာ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ ၊ ဒေသခံလက်နက်ကိုင်တပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေမှာ စိုးရိမ်ဖွယ်အနေအထားရှိနေသေးတယ်လို့ ကုလသမဂ္ဂရဲ့လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိင်းရေးရုံး (OCHA) ထုတ်ပြန်လိုက်ပါတယ်။

 

ထုတ်ပြန်ချက်မှာ ဒီဇင်ဘာလ ၆ ရက်နေ့ ကိန်းဂဏန်းများအရ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ကတည်းက ဖြစ်ပွားတဲ့ တိုက်ပွဲတွေနဲ့ လုံခြုံရေးအခြေအနေတွေကြောင့် နိုင်ငံတွင်းမှာ တိုက်ပွဲရှောင်ထွက်ပြေးနေရသူ ၂၈၄,၇၀၀ ခန့်ရှိသွားပြီဖြစ်သလို လူဦးရေ ၃၇၀,၀၀၀ ခန့်ဟာ ယာယီစခန်းတွေမှာ ယခင်ကတည်းက နေထိုင်ကြရလျက်ရှိတယ်လို့ ဆိုပါတယ်။

 

ပိုမိုပြင်းထန်လာတဲ့ တိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံအနောက်မြောက်ပိုင်း၊ အထူးသဖြင့် စစ်ကိုင်းတိုင်းဒေသကြီးမှာ အရပ်သားအိုးအိမ်စွန့်ခွာထွက်ပြေးရမှုတွေ တိုးပွားလာပြီး ကယား၊ ကရင်၊ ရှမ်း/တောင်၊ မွန်နဲ့ တနင်္သာရီတို့မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် မြန်မာနိုင်ငံအရှေ့တောင်ပိုင်းမှာ နိုင်ငံတွင်းနေရပ်စွန့်ခွာထွက်ပြေးသူအရေအတွက် များပြားလာတယ်လို့ ဆိုပါတယ်။

 

ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကြားက ဖြစ်ပွားလျက်ရှိတဲ့ တိုက်ပွဲတွေရဲ့ အကျိုးဆက်တွေဖြစ်တဲ့ လုံခြုံရေးမတည်ငြိမ်မှုဒဏ်ကို ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ တောင်ပိုင်းက အရပ်သားတွေ ခံစားနေရတယ်လို့ ဆိုပါတယ်။

 


ဆက်လက်ပြီး Financial Tracking System က ရရှိတဲ့ ဒီဇင်ဘာ ၈ ရက်နေ့ ကိန်းဂဏန်းများအရ လူသားချင်းစာနာမှုတုံ့ပြန်ရေးဆိုင်ရာ အစီအစဉ်နဲ့ အရေးပေါ်လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်ရေးအစီအစဉ်တွေအရ တောင်းခံထားတဲ့ အမေရိကန်ဒေါ်လာ ၃၈၅.၇ သန်းထဲက ၅၇ ရာခိုင်နှုန်းဖြစ်တဲ့ ၂၂၃.၇ သန်းကို ရရှိခဲ့ပြီဖြစ်တယ်လို့ OCHA က ထုတ်ပြန်အသိပေးထားပါတယ်။

#Yangon_Media_Group