Published:28 November 2021
ကိုဗစ်စတုတ္ထလှိုင်း ဖြစ်ပွားလာပါက ကျန်းမာရေးစောင့်ရှောက်မှုများကို ပြုလုပ်ပေးနိုင်ဖို့အတွက် ရန်ကုန်မြို့ ရှိ ရန်ကင်းကိုဗစ်ကုသရေးစင်တာတွင် လူနာ(၆၀၀)အထိ လက်ခံကုသပေးနိုင်ရန် ကြိုတင် ပြင်ဆင်မှုတွေကို ပြုလုပ်ထားတယ်လို့ သိရပါတယ်။
ထို့အပြင် ကိုဗစ်လူနာများ အသုံးပြုနိုင် အောက်စီဂျင် အသက်ရှုစက်များ အပါအဝင် အောက်ဆီဂျင်ထပ်မံဖြည့်တင်းနိုင်မည့် ၁၀ တန်ဆံ့ Liquid အရည်အိုးများ ကိုလည်း အဆိုပါ ရန်ကင်းကိုဗစ်ကုသရေးစင်တာမှာစီစဥ်ပေးထားတယ်လို့ ဆိုပါတယ်။
"ကျနော်တို့ အဖွဲ့တွေက အားလုံးရယ်ဒီဖြစ်အောင်တော့ ကြိုတင်ပြင်ဆင်မှုတွေကို ပြုလုပ်ထားပါတယ်။ ကျနော်တို့ ရန်ကင်းကိုဗစ်စင်တာမှာဆိုရင် လူနာ ၆၀၀ လောက်အထိ လက်ခံကုသပေးနိုင်ဖို့ ပြင်ဆင်ထားတယ်။ အောက်ဆီဂျင်အိုးတွေကအစပေါ့လေ။ ကိုဗစ်လှိုင်း ပြန်စလို့ရှိရင် ကူညီပေးနိုင်ဖို့ လူမှုရေးအသင်းအဖွဲ့တွေအားလုံးနဲ့လည်း ချိတ်ဆက်ဆောင်ရွက်ထားပါတယ်။ ပြောရရင် ကျနော်တို့စင်တာမှာ ဆရာဝန်ရော သူနာပြုရော အားလုံး အဆင်သင့်ရှိနေပါတယ်။ နောက်လုပ်အားပေး Volunteer အယောက် ၃၀ လောက်ကိုလည်း ကျနော်တို့ စုဖွဲ့ထားသလို နောက်လူနာတင်ယာဥ် ၂၆ စီးကိုလည်း ရယ်ဒီ အနေအထား ကျနော်တို့ အသင့် ပြင်ဆင်ထားပါတယ်။"လို့ လူမှုကူညီကယ်ဆယ်အဖွဲချုပ်(YRO - ဥက္ကဌ) ဦးထွန်းထွန်းဦး က ရန်ကုန်တိုင်းမ်ကို ပြောပြခဲ့ပါတယ်။
လက်ရှိမှာ အဆိုပါ ရန်ကင်းကိုဗစ်ကုသရေးစင်တာတွင် ကိုဗစ်လူနာအချို့ကိုလည်း ဆက်လက်၍ ဆေးဝါးကုသမှုပေးနေတယ်လို့ ၄င်းက ဆိုပါတယ်။
Corona Virus မျိုးကွဲသစ်ဖြစ်တဲ့ အိုမေခရွန်(omicron)ကို လက်ရှိမှာ တောင်အာဖရိက၊ ဘော့စွာနာ၊ ဟောင်ကောင်နဲ့ ဘယ်ဂျီယံမှာ တွေ့ ရှိထားတာဖြစ်ပါတယ်။ အဆိုပါ ကိုဗစ်မျိုးကွဲသစ်ဟာ ကူးစက်မှုပိုမြန်ပြီး Mutation 32 ခု ပါဝင်လို့ အထူးသတိထားရမှာဖြစ်သလို ကမ္ဘာ့နိုင်ငံအချို့ မှာ ရောဂါဖြစ်ပွားမှုတွေရှိနေပြီ ဖြစ်တယ်လို့လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က အရေးပေါ် အသိပေးထားပါတယ်။
"အခုက စတုတ္ထလှိုင်းအတွက် ပြောသံတွေ ကြားနေရတာပေါ့။ ဥရောပတို့ ဘာတို့ဆိုရင် လေယာဥ်လမ်းကြောင်းတွေ ပိတ်တယ်လို့လည်းကြားနေရပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံမှာတော့ တွေ့ ရှိတာမျိုး မရှိသေးဘူး၊တရားဝင်ကြေညာခြင်းမျိုးတော့ မကြားရသေးဘူး။ဒါပေမဲ့ ကျနော်တို့ အိမ်နီးနားချင်းနိုင်ငံတွေဖြစ်တဲ့ စင်ကာပူလို၊ ယိုးဒယားလို နိုင်ငံမျိုးတွေမှာတောင် ကိုဗစ်ဖြစ်ပွားမှုနှုန်းတွေက မြင့်နေတဲ့အတွက် ကျနော်တို့ မြန်မာနိုင်ငံအနေနဲ့လည်း ရှောင်လွဲလို့မရနိုင်ဘူးလို့ ယူဆရတာပေါ့နော်၊ ဒါကြောင့်လည်း ကျနော်တို့ မြန်မာနိုင်ငံအနေနဲ့ ကြိုတင်ပြင်ဆင်မှုတွေကို ပြုလုပ်ဆောင်ရွက်ထားတာပါ။"လို့ YRO ဥက္ကဌ ဦးထွန်းထွန်းဦး က ဆက်လက်ပြောပြခဲ့ပါတယ်။
ဓါတ်ပုံ - ရန်ကင်းကိုဗစ် ကုသရေးစင်တာ။