Published: 28 November 2021
ပူတာအိုဒေသသို့ ပြည်တွင်း ခရီးသွားအချို့ ပြန်လည်ဝင်ရောက်နေကြပြီဖြစ်တယ်လို့ ပူတာအိုမြို့ အခြေစိုက်ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရပါတယ်။
လက်ရှိမှာ ပူတာအိုဒေသကို ကိုဗစ်ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီးသားသူတွေကို ဝင်ရောက်လည်ပတ်ခွင့်ပြုနေတာဖြစ်တယ်လို့ ဆိုပါတယ်။
"ခရီးသွားတွေက သွားလာနေကြတော့ရှိပါတယ်။ကိုဗစ် ကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီးသား လက်မှတ်ပြနိုင်ရင်တော့ သွားလာခွင့်ရှိပါတယ်။ ဂိတ်တွေမှာ မှတ်ပုံတင်စစ်တာတော့ ရှိတာပေါ့နော်၊ အဲ့လောက်ပါပဲ။သိပ်ခက်ခဲတာတွေတော့မရှိပါဘူး၊ အခုက ရေခဲတောင်ရာသီကာလပေါ့၊ဘယ်လို ပြောရမလဲ ဒေသမှာပြည်တွင်း ခရီးသွားနဲ့အခြေချတဲ့ ကုမ္ပဏီတွေဝန်ဆောင်မှုပေးတဲ့လူတွေကတော့ ခရီးသွားလုပ်ငန်းတွေကို အခုကာလမှာ ပြန်စနေကြပါပြီ၊သွားလာနေကြပါပြီ။"လို့ ပူတာအိုမြို့ အခြေစိုက် ခရီးသွားဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။
လတ်တလောကာမှာ ပူတာအိုဒေသသို့ ပြည်တွင်းခရီးသွားများ ပြန်လည်ဝင်ရောက်မှုတွေ ရှိနေသော်လည်းခရီးသွားဝင်ရောက်မှုနှုန်းကတော့နည်းပါးနေသေးတယ်လို့ ၄င်းက ဆိုပါတယ်။
"ခရီးသွားတွေရှိမှ ပူတာအိုဒေသက လူတွေကဝင်ငွေရှိတာလေ။ ပြောရရင် ပူတာအိုဒေသက ခရီးသွားတွေကိုသာ အဓိကမှီခိုအားထားနေရတဲ့ ဒေသပေါ့။ ဒေသထွက်ပစ္စည်းလေးတွေ ရောင်းမှဝင်ငွေရှိတာပေါ့။ ခရီးသွားလုပ်ငန်းက ရတဲ့ဝင်ငွေပဲရှိတာလေ၊ အခြားဝင်ငွေကဘာမှမရှိဘူးလေ။ အဲ့ဒါကြောင့် ကိုဗစ်အခြေအနေနဲ့ နိုင်ငံရေး အခြေအနေတွေကောင်းလာရင်တော့ ခရီးသွားလုပ်ငန်းတွေ ကိုအမြန်ဆုံးတော့ ပြန်ဖွင့်စေချင်ပါတယ်။" သူက ဆက်လက်ပြောပြခဲ့ပါတယ်။
ပူတာအိုဒေသဟာ ရေခဲတောင်တန်းတွေကြောင့် ထင်ရှားကျော်ကြားပြီးပြည်တွင်း၊ပြည်ပ ခရီးသွားတွေ အပါအဝင် ရေခဲတောင်တက်သမားတွေအများဆုံးလာရောက် လည်ပတ်ကြတဲ့ ဒေသတစ်ခုလည်း ဖြစ်ပါတယ်။ "ပြောရရင် ပူတာအိုမှာက သဘာဝအလှတွေ လုံးဝမပျက်သေးဘူးလေ။ သဘာဝအလှအပ အကုန်ရှိပါတယ်။ ပူတာအိုမှာက လည်စရာတွေများတယ်၊
ကျောက်နဂါးတို့ တကယ့် ရင်သပ်ရှုမောဖွယ် အလှတွေ နတ်ကျွန်းတို့ ကောင်းမှုလုံဘုရားဆုတောင်းပြည့်ဘုရားတို့ နောက် ရေခဲတောင်ကျတော့ မြန်မာနိုင်ငံမှာ တည်ရှိနေတဲ့ သဘာဝအလှတရားတစ်ခုပေါ့။ ပြောရရင်ခရီးသွားတွေက ရေခဲတောင်တွေဘက်ကို အဓိကထားပြီးသွားကြတာများပါတယ်။"လို့ ပူတာအိုမြို့ ခရီးသွားဝန်ဆောင်မှု လုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့ပါတယ်။
Photo Credit - ဆန်လုရမ်ဆိန်း