Published 14 Nov 2021

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ တွင် ယနေ့ နိုဝင်ဘာလ ၁၄ ရက်မှစတင်၍ တိုင်းရင်းသား ရိုးရာအကများဖြင့် ဖျော်ဖြေမှု ပြန်လည် လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။

 

"လူ တစ်ထောင်ကျော် ဝင်ရောက်ခဲ့တယ်။ဒီနေ့ကတော့ လေ ၊ဖျော်ဖြေရေးအတွက် ခန်းမထဲကိုတော့ ကိုဗစ် စည်းကမ်းနဲ့ အညီ လူ အယောက် ၁၀၀ လောက်ပဲ ခွင့်ပြုလို့ ရပါတယ်။တိုင်းရင်းသားရိုးရာသီချင်း အဆို အကတွေ၊  မျက်လှည့် နဲ့ ရုပ်သေးတွေပါဝင်ပါတယ်” ဟု တိုင်းရင်းသား ကျေးရွာတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးဝင်းကပြောသည်။

 

ယခင်က အဆိုပါ ဖျော်ဖြေရေး အစီအစဉ်များကို အပတ်စဉ် စနေနေ့နှင့်တနင်္ဂနွေနေ့တိုင်းပြုလုပ်ခဲ့သော်လည်း ယခုအခါ တစ်ပတ်လျှင်  တနင်္ဂနွေတစ်ရက်သာ ပြုလုပ်သွား မည်ဖြစ်ကြောင်းလည်း တိုင်းရင်းသားကျေးရွာ စီမံခန့်ခွဲရေး လုပ်ငန်းများအရ သိရသည်။

 

ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ ကို ပြီးခဲ့သည့် ကိုဗစ်-၁၉ ပထမလှိုင်းကာလ ၂၀၂၀ ပြည့်နှစ်မတ်လကစ၍ ပိတ်ထားခဲ့ခြင်းဖြစ်ပြီး ၂၀၂၁ ခုနှစ် မေလ ၂ ရက်တွင် ပြန်လည်ဖွင့်လှစ်ကာ မေလ ၃ ရက်ကစ၍ အများပြည်သူလည်ပတ်ခွင့်ကို ပြုခဲ့ခြင်း ဖြစ်ကြောင်း၊နေ့စဉ်လာရောက်သူအရေအတွက်မှာ ကိုဗစ်ကာလမတိုင်ခင်ကထက် တစ်ဝက်ခန့် လျော့ကျနေသေးသော်လည်း အခါကြီးရက်ကြီးများ နှင့် ရုံးပိတ်ရက်များတွင် လာရောက်သူ ထောင်နှင့်ချီ ရှိကြောင်း သိရသည်။