Published 15 Nov 2021
မဲဆောက်မြို့ အမှတ် ၂ ချစ်ကြည်ရေးတံတားမှ နေရပ်ပြန်လက်ခံမှုကို တန်ဆောင်တိုင်ကာလဖြစ်တဲ့ နိုဝင်ဘာလ၁၆ ရက်နေ့မှ နိုဝင်ဘညလ၂၀ရက်နေ့အထိ ၅ ရက် ရပ်နားထားမည်ဖြစ်ပြီးနိုဝင်ဘာလရက်နေ့မှ စတင်၍ ပုံမှန် တစ်ရက်ခြား ၅၀၀ ဦးနှုန်းဖြင့် လက်ခံလွှဲပြောင်းပေးသွားမယ်လို့ ထိုင်းနိုင်ငံအခြေစိုက်မြန်မာအလုပ်သမားသံအရာရှိရုံး ကနေသိရပါတယ်။
ကိုဗစ် ၁၉ ကပ်ရောဂါကာလတွင် ထိုင်းနိုင်ငံအတွင်းနေထိုင်လုပ်ကိုင်လျက်ရှိသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနက် ဆေးရုံတက်ရောက်ကုသနေရသည့်လူနာများ၊ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးထိန်းသိမ်းခံရသူများနှင့်ပြစ်ဒဏ်ကျခံ ပြီးဖြစ်၍ ပြန်လည်လွတ်မြောက်လာသူများ၊ တာ့ခ်ပြည်နယ်အတွင်း နေထိုင်လုပ်ကိုင်လျက်ရှိသော အလုပ်သမားများ နေရပ်ပြန်နိုင်ရေးအတွက် မဲဆောက်မြို့အလုပ်သမားသံအရာရှိရုံးအနေဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိပြီး မဲဆောက်မြို့ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားအမှတ်(၂)မှတဆင့် တစ်ရက်ခြား (၅၀၀) ဦးနှုန်းဖြင့် နေရပ်ပြန်နိုင်ရေးခွင့်ပြုပေးလျက် ရှိတယ်လို့သိရပါတယ်။
၂၀၂၁ခုနှစ်၊ အောက်တိုဘာလအတွင်း တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် အလုပ်သမား ( ၃၈၁)ဦးအပါအဝင် ကျား(၃၄၇၂)၊ မ(၂၈၆၈)၊ စုစုပေါင်း(၆၃၄၀)ဦး နေရပ်ပြန်နိုင်ရေးဆောင်ရွက်ပေးနိုင်ခဲ့ တယ်လို့သံအရာရှိရုံးကသိရပါတယ်။
လက်ရှိတွင်တာ့ခ်ပြည်နယ်အတွင်း နယ်မြေဖြတ်ကျော်သွားလာခွင့်ပိတ်ပင်ထားဆဲဖြစ်ရာ တာ့ခ်ပြည်နယ်ပြင်ပတွင်နေထိုင်သူများအနေဖြင့် နယ်မြေဖြတ်ကျော်ဝင်ရောက်ပါက ကိုဗစ်ရောဂါထိန်းချုပ်ရေး ဥပဒေများအရ အရေးယူခံရမည်ဖြစ်ပြီးထိုင်းနိုင်ငံသို့ တရားမဝင်နယ်စပ်ဖြတ်ကျော်မှုများကို ထိုင်းအာဏာပိုင်များမှ မကြာခဏ ဖမ်းဆီးရမိလျက်ရှိရာ မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် တရားဝင်လမ်းကြောင်းများဖွင့်လှစ်မှသာ လာရာက်ကြပါရန် မေတ္တာရပ်ခံထားပါတယ်။
တာ့ခ်ပြည်နယ်နဲ့ထိစပ်ပြည်နယ်များတွင် ရွှေ့ပြောင်းအလုပ်သမားရေးရာကိစ္စရပ်များနှင့် ပတ်သက်၍ အကူအညီတောင်းခံ နိုင်တယ်လို့ အလုပ်သမားသံအရာရှိ ဦးပြည့်ဖြိုးအောင် ကပြောပါတယ်။