ရန်ကုန် ဩဂုတ် ၁၇
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ တတိယလှိုင်းစတင်ဖြစ်သည့် အချိန်မှ ယနေ့အထိ သေဆုံးခဲ့ရသူပေါင်း ၁၀၀၄၈ ဦးရှိခဲ့ပြီ ဖြစ်တယ်လို့ ဩဂုတ်၁၆ ရက်မှာ ကျင်းပခဲ့တဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးဆိုင်ရာ အဋ္ဌမအကြိမ် ညှိနှိုင်းအစည်းအဝေးရဲ့ ဆွေးနွေးချက်များအရ သိရပါတယ်။
မြန်မာနိုင်ငံရဲ့ ကိုဗစ်တတိယလှိုင်းအတွင်း ရောဂါကူးစက်ခံရသူများ ဩဂုတ်၁၆ရက်အထိ ၂၁၀၉၆၁ ဦးရှိခဲ့ပြီး အဲဒီအထဲက ၁၀၀၄၈ဦးသေဆုံးခဲ့တာဖြစ်တဲ့အတွက် သေဆုံးနှုန်း ၄.၇၆ ရာခိုင်နှုန်းရှိနေပါတယ်။
ဒါပေမယ့် အမြင့်ဆုံးရှိခဲ့တဲ့ ဇူလိုင်လလယ် အခြေအနေတွေနှင့် နှိုင်းယှဉ်ရင်တော့ ကူးစက်ဖြစ်ပွားနှုန်းကျဆင်းသွားတဲ အကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အဲဒီအစည်းအဝေးမှာ ပြောပါတယ်။
“ ဇူလိုင်၁၄ရက်နေ့တွင် ၃၃ ဒသမ၁၇ ရာခိုင်နှုန်း၊ဇူလိုင် ၂၃ရက်တွင် ၄၀ဒသမ ၈၂ ရာခိုင်နှုန်းထိရှိခဲ့ရာမှ ဩဂုတ် ၁၅ရက်တွင် ကူးစက်ဖြစ်ပွားသူ ၂၆ ဒသမ ၄၆ ရာခိုင်နှုန်းရှိလာခဲ့တာကိုတွေ့ရှိရပါတယ်။ အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်း အဖွဲ့များနှင့် စေတနာ့ဝန်ထမ်းများ၏ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်မှု၊ ပြည်သူလူထုမှ ပူးပေါင်းပါဝင်မှုတို့ကြောင့် ဖြစ်ပွားမှု ရာခိုင်နှုန်း၏ ၁၄ ရာခိုင်နှုန်းကျော်ထိ လျော့ချနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ကူးစက်ဖြစ်ပွားမှုနှုန်း ပိုမိုကျဆင်းလာစေရေး ကြိုးပမ်းဆောင်ရွက်သွားကြရမယ်” လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။
လက်ရှိအချိန်တွင် ရောဂါပိုးတွေ့ရှိမှုနှုန်းနှင့် သေဆုံးမှုနှုန်း ကျဆင်း လျက်ရှိပြီး ဇူလိုင်လ ဒုတိယအပတ်တွင် ရောဂါပိုး တွေ့ရှိမှုနှုန်းနှင့် ဩဂုတ်လ ဒုတိယအပတ်တွင် ရောဂါပိုးတွေ့ရှိမှုနှုန်း နှိုင်းယှဉ်ကြည့်မည်ဆိုပါက ၃၆ ရာခိုင်နှုန်း အထိကျဆင်း လာသည်ကို တွေ့ရှိရပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ကြည့်မည် ဆိုပါက ရန်ကုန်တိုင်း ဒေသကြီးတွင် ၇၄ ရာခိုင်နှုန်း၊ ပဲခူးတိုင်းဒေသကြီးတွင် ၆၂ ရာခိုင် နှုန်း၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၅၃ ရာခိုင်နှုန်း၊ ကရင်ပြည်နယ်နှင့် ဧရာဝတီတိုင်း ဒေသကြီးတို့တွင် ၄၀ ရာ ခိုင်နှုန်းကျော်အထိ ကျဆင်းလာခဲ့တယ်လို့ အဲဒီအစည်းအဝေးရဲ့ ဆွေးနွေးချက်တွေအရ သိရပါတယ်။
ဒါပေမယ့် အချို့သော တိုင်းဒေသကြီးနှင့်ပြည်နယ်တွေမှာတော့ ကူးစက်မှုတန်းနေတာ၊အချို့နေရာတွေမှာ ရုံးပိတ်ရက် ကာလတွေမှာတောင် အတက်ဘက်ဦးတည်လာနေတာတွေ့ရတယ်လို့ ပြည်သူ့ကျန်းမာရေးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ ပြောကြားခဲ့ပါတယ်။
ကူးစက်မှု တန်းနေတဲ့ ဒေသနှစ်ခုက ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့ဖြစ်ကြပြီး အတက်ဘက်ဦးတည်နေတဲ့ ဒေသ(၃)ခုက မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့ဖြစ်ကြတယ်လို့ ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ်။
“အဲဒီဒေသတွေက ရုံးပိတ်ရက်ရှည် ၃ပတ်ပြီးတာတောင် အတက်ဘက်ဦးတည်ချင်နေတယ်” လို့ သူက သတိပေးပြောကြားပါတယ်။
သို့သော် အဲဒီ တိုင်းဒေသကြီးနှင့်ပြည်နယ်(၃)ခုမှာ အတက်ဘက်ကိုဦးတည်နေတယ်ဆိုပေမယ့် တစ်တိုင်း၊တစ်ပြည်နယ်လုံး တက်နေတာမဟုတ်ဘဲ အဲဒီဒေသတွေက မြိုနယ်အချို့မှာ တက်နေတာဖြစ်တယ်လို့ ဒေါက်တာသန်းနိုင်စိုးက ရှင်းပြပါတယ်။
မန္တလေးတိုင်းဒေသကြီးမှာ သပိတ်ကျင်းနှင့် စဉ့်ကူး၊ တနင်္သာရီတိုင်းဒေသကြီးမှာ ထားဝယ်၊မြိတ်နှင့် လောင်းလုံ၊ ကယားပြည်နယ်မှဦ လွိုင်ကော်၊ ဖားဆောင်းနှင့် ဘော်လခဲ တို့မှာ ကူးစက်မှုနှုန်းတွေ တက်နေတာဖြစ်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံရဲ့ တတိယလှိုင်းကိုဗစ်-၁၉ ကူးစက်မှုတွေကို ထိန်းချုပ်ရာမှာ ဩဂုတ်လအတွင်းမှာ ကူးစက်ဖြစ်ပွားနေမှုရာခိုင်နှုန်းကို ထက်ဝက်ခန့်ကျဆင်းအောင်လုပ်ဆောင်နေတယ်လို့ နစက ဥက္ကဋ္ဌက ပြောကြားထားခဲ့ပြီးဖြစ်ပါတယ်။