Published 3 August 2022
နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံသို့ အလုပ်သဘော လာရောက်တဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗရော့တို့ ယနေ့ ဩဂုတ်(၃)ရက်နေ့ နေပြည်တော်၌ တွေ့ဆုံခဲ့ကြကြောင်း နစကရဲ့ သတင်းအရင်းအမြစ်များအရ သိရပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဟာ ဩဂုတ်(၃)ရက် မနက်က မြန်မာနိုင်ငံ နေပြည်တော်သို့ အလုပ်သဘော ရောက်ရှိလာတာဖြစ်ပြီး မနက်ပိုင်းမှာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဦးဆောင်တဲ့ အဖွဲ့နှင့်တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
ဗိုလ်ချူပ်မှူးကြီးနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး လက်ဗရော့ တို့ တွေ့ဆုံတဲ့ သတင်းအသေးစိတ်ကိုတော့ နှစ်ဘက်လုံးက ထုတ်ပြန်ခြင်းမရှိသေးပါဘူး။
မြန်မာနှင့်ရုရှားတို့ဟာ နှစ်နိုင်ငံအကြား ပြန်လည်ပြုစုထားတဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာတစ်ခုကို လက်မှတ်ရေးထိုးနိုင်အောင်ပြင်ဆင်ထားတယ်လို့ ရုရှားနိင်ငံခြားရေးဝန်ကြီးဌာနက ဩဂုတ်(၂)ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။ နှစ်နိုင်ငံအကြား ကော်မရှင်ရဲ့ တတိယအစည်းအဝေးကို ဒီနှစ်နှစ်ကုန်ပိုင်းမှာ ပြုလုပ်ရန်ရှိပြီး ပြန်လည်ပြုစုထားတဲ့ မဟာဗျူဟာကို လက်မှတ်ထိုးဖို့ ပြင်ဆင်နေတယ်လို့ ရုရှားကပြောပါတယ်။
မြန်မာဟာ ရုရှားထံမှ ရေနံဓာတ်ငွေ့ရည်အပါအဝင် စွမ်းအင်ဝယ်ယူဖို့စိတ်ဝင်စားနေတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
“ ရုရှားကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ ရေနံနှင့်သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ လုပ်ကိုင်ကြဖို့လည်း မြန်မာက စိတ်ဝင်စားနေတယ်” လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
မနက်က တွေ့ဆုံပွဲမှာအဆွေတော်ရဲ့ခရီးဟာ ရုရှားနှင့်မြန်မာ နီးကပ်စွာဆက်သွယ်ဖို့ အတည်ပြုလိုက်တာဖြစ်တယ်လို့ နစက နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကပြောခဲ့ပြီး သိပ်အရေးကြီးတဲ့ခရီးစဉ်ဖြစ်တယ်လို့လည်းထပ်လောင်းပြောကြားခဲ့တယ်လို့ TASS သတင်းဌာနက သတင်းရေးသားပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးကလည်း “ မြန်မာဟာ အာရှပစိဖိတ်ဒေသမှာ နှစ်ရှည်လများ ချစ်ကြည်ရင်းနှီးတဲ့ မိတ်ဖက်ကောင်း နိုင်ငံဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ နှစ်နိုင်ငံဟာ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှု၊ချစ်ကြည်ရင်းနှီးမှုနှင့် ထောက်ခံအားပေးမှုတွေမှာ ဆယ်စုနှစ်တစ်စုကျော် ခိုင်မြဲ ခဲ့တယ်လို့လည်းသူကပြောတဲ့အကြောင်း အဆိုပါ သတင်းမှာဖော်ပြ ထားပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဟာ ခရီးစဉ်အတွင်း နိုင်ငံရေးဆွေးနွေးမှု၊ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ကာကွယ်ရေးနှင့်လုံခြုံရေးနယ်ပယ်အပြန်အလှန်ဆက်သွယ်မှုနှင့် လူသားချင်းစာနာထောက်ထားဆက်ဆံမှုတွေအပါအဝင် ရုရှား-မြန်မာဆက်ဆံရေး ကျယ်ပြန့်တဲ့နယ်ပယ်တစ်ခုလုံးကို ဆွေးနွေးကြမယ်လို့ ယမန်နေ့က ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။
အဲဒီအပြင်အရေးတကြီးဖြစ်နေတဲ့ နိုင်ငံတကနှင့်ဒေသဆိုင်ရာ ပြဿနာတွေကိုလည်း ဆွေးနွေးကြဖို့ စဉ်းစားထားတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။
Ymg/knl
#Russia_Myanmar
#Sergey Lavrov
#Geo_Politics





#Local_News
Published_3 August 2022
ထိုင်းနိုင်ငံ ရနောင်းမြို့သို့ သွားရောက်လည်ပတ်သူများအား နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်ဖြင့် တစ်ပတ်နေထိုင်ခွင့်ကို သြဂုတ်လ ၂ ရက်ကစ၍ ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနက ခွင့်ပြုလိုက်သည်။
"Border Pass နဲ့ ၆ ည အိပ် ၇ရက်အထိ တိုးမြှင့်လိုက်တာ ဖြစ်ပါတယ်။ အရင်ကဆိုရင် ၃ ရက်ပဲ ရတယ်လေ၊ ဘယ်ကိစ္စကြောင့် သွားတာပဲ ဖြစ်ပါစေ ရက်တိုးလိုက်တော့ ပိုပြီး အဆင်ပြေတာပေါ့"ဟု ကော့သောင်းဒေသခံတစ်ဦးက ဆိုသည်။
ယင်းအပြင် Temporary Border Pass(ယာယီနယ်စပ်ဖြတ်သန်းခွင့် လက်မှတ်)ကိုလည်း ယခင်က ၂ ညအိပ် ၃ရက်မှ ယခု ၆ ညအိပ် ၇ရက် နေထိုင်ခွင့်ပြုလိုက်ကြောင်း သိရသည်။
ကိုဗစ် - ၁၉ ကပ်ရောဂါစတင်ဖြစ်ပွားချိန်ကစ၍ ၂နှစ်ကျော်ကြာ ပိတ်ထားခဲ့သော ကော့သောင်း-ရနောင်းနယ်စပ် ဂိတ်ကို ပြီးခဲ့သည့် ဇွန်လ ၁ ရက်တွင် ပြန်လည် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။
ymg/mt
#Yangon_Media_Group
Published 3 August 2022
မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးရောက်ရှိနေတဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗရော့ဟ်ဟာ ဒီကနေ့ ဩဂုတ် (၃)ရက် မနက်က နေပြည်တော်မှာ မြန်မာ နစက နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့်တွေ့ဆုံခဲ့ပါတယ်။ အဲဒီနောက် နိုင်ငံခြားရေးဝန်ကြီးတွေဦးဆောင်တဲ့ နှစ်နိုင်ငံအဖွဲ့ဟာ ဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ဆွေးနွေးကြတဲ့ အသေးစိတ်ကိုတော့ မသိရှိရသေးပါဘူး။
Source: MOFA Russia



#Local_News
Published -3 August 2022
ပြည်တွင်း စက်သုံးဆီ စက်သုံးဆီ ၉၂ နှင့် ၉၅ တစ်လီတာဈေးနှုန်း၏ ယနေ့ပေါက်ဈေးမှာ ယခင်နေ့ထက်ထပ်မံကျဆင်းခဲ့ကြောင်း စက်သုံးဆီဆိုင်များ၏ ဈေးနှုန်းများအရ သိရသည်။
သြဂုတ် ၂ ရက်နေ့တွင် ၉၂ တစ်လီတာလျှင် ၁၇၈၅ ကျပ် ရှိခဲ့ရာမှ ယနေ့တွင် ၁၇၂၅ ကျပ်သို့လည်းကောင်း ၊ ၉၅ တစ်လီတာဈေး ၁၈၅၀ ကျပ် ရှိခဲ့ရာမှ ယနေ့တွင် ၁၇၈၅ ကျပ် သို့လည်းကောင်း ကျဆင်းခဲ့ခြင်း ဖြစ်သည်။
ယင်းအပြင် သြဂုတ်လ ၂ ရက်က ၉၇ တစ်လီတာလျှင် ၂၃၃၅ ကျပ် ၊ ဒီဇယ် တစ်လီတာလျှင် ၂၀၇၅ ကျပ် ၊ ပရီမီယံ ဒီဇယ် တစ်လီတာလျှင် ၂၁၃၀ ကျပ် ရှိခဲ့ရာမှ ယနေ့ ( သြဂုတ်လ ၃ ရက်)တွင် ၉၇ တစ်လီတာလျှင် ၂၃၃၅ ကျပ် ၊ ဒီဇယ် တစ်လီတာလျှင် ၂၀၀၅ ကျပ် ၊ ပရီမီယံ ဒီဇယ်တစ်လီတာလျှင် ၂၀၆၀ ကျပ် အထိ ကျဆင်းလာခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရည်ညွှန်းလက်လီဈေးနှုန်းများဖြင့်လည်း ရောင်းချပေးနေကြောင်း စက်သုံးဆီ တင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီမှ သိရသည်။
ymg/sth
#Yangon_Media_Group
#Local_News
Pulished _ 3 August 2022
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး မြစ်ဝကျွန်းပေါ်ဌာနခွဲ၏ ဝါးတန်း-ဒလ(ယာဉ်ကူးတို့)လမ်းတွင် ဩဂုတ် ၁ ရက်မှစတင်၍ ယာဉ်အမျိုးအစားအလိုက် ဇက်ကူးခများ တိုးမြှင့်ကောက် ခံသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းသို့ ပြေးဆွဲပေးရာတွင် နံနက် ၇နာရီမှစတင်ပြီး တစ်နာရီတစ်ခေါက်နှုန်းဖြင့် ပြေးဆွဲပေးလျက်ရှိရာ ညနေ ၆နာရီကျော်အထိ ကားများအပေါ်မူတည်ကာ ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။
ဝါးတန်း-ဒလ(ယာဉ်ကူးတို့)လမ်းကို ဩဂုတ် ၁ ရက်မှစတင်၍ ခရီးသည်လက်မှတ် ယခင်ကောက်ခံလျက်ရှိသည့် ငွေကျပ် ၁၀၀မှ ၂၀၀ သို့ တိုးမြှင့်ကောက်ခံပြီး တစ်တန်အောက်အိမ်စီးကားများသို့ ယခင် ကောက်ခံလျက်ရှိသည့် ငွေကျပ် ၂၅၀၀ မှ ၃၇၅၀၊ တစ်တန်နှင့် နှစ်တန်ကြားယာဉ်များကို ယခင်ကောက်ခံလျက်ရှိသည့် ငွေ ကျပ် ၃၀၀၀ မှ ၄၅၀၀၊ နှစ်တန်နှင့် သုံးတန်ကြားယာဉ်များကို ယခင် ကောက်ခံလျက်ရှိသည့် ငွေကျပ် ၄၀၀၀ မှ ငွေ ကျပ် ၆၀၀၀၊ သုံးတန်နှင့် ခြောက်တန်ကြား ယာဉ်များကို ယခင်ကောက်ခံလျက်ရှိသည့် ငွေကျပ် ၅၀၀၀ မှ ငွေကျပ် ၇၅၀၀ သို့ ပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
ခြောက်တန်နှင့် ၁၂ တန်ကြားယာဉ်များကို ယခင်ကောက်ခံလျက်ရှိသည့် ငွေကျပ် ၆၀၀၀ မှ ငွေကျပ် ၉၀၀၀သို ပြောင်းလဲကောက်ခံသွားမည်ဖြစ်ပြီး စက်ဘီးငွေကျပ် ၁၀၀၊ ဆိုက်ကား ငွေကျပ် ၂၀၀၊ မော်တော် ဆိုင်ကယ် ငွေကျပ် ၈၀၀၊ နောက်တွဲ ယာဉ်သုံးဘီး ငွေကျပ် ၁၀၀၀၊ နောက်တွဲယာဉ်လေးဘီး ငွေကျပ် ၂၀၀၀ တို့ကို မူလအတိုင်းကောက်ခံသွား မည်ဖြစ်ကြောင်း သိရသည်။
ဝါးတန်း-ဒလကားကူးဇက် ရေယာဉ်သည် နေ့စဉ် ခေါက်ရေ ၁၂ ခေါက်ခွဲ ပြေးဆွဲလျက်ရှိပြီး ယာဉ်အစီးရေ နေ့စဉ် ၄၀၀ ခန့် ပို့ဆောင်ပေးလျက်ရှိကြောင်းသိရသည်။
ဒလမှ ဝါးတန်းသို့ ဇက်ရေယာဉ်ဖြင့် လိုက်ပါမည့် ယာဉ်များအား ဆိပ်ကမ်းတံတားဖြတ်သန်းခအဖြစ် ယာဉ်အကြီးအသေး အမျိုးအစားပေါ် မူတည်ကာ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ဌာနက ကောက်ခံလျက်ရှိပြီး ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဌာနအနေဖြင့် ခရီးသည်ခနှင့် ယာဉ်ခကို ရေယာဉ်ပေါ်တွင်သာ တာဝန်ကျ ဝန်ထမ်းကိုယ်တိုင် လိုက်လံ၍ ယာဉ်တစ်စီးချင်းစီအလိုက် ကောက်ခံလျက်ရှိကြောင်း သိရသည်။
ymg/NN
#Yangon_Media_Group
#Local_News
Published -3 August 2022
တနင်္သာရီမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း ၄ ခုအား မဏာမစူးစမ်းလေ့လာမှုများဆောင်ရွက်၍ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုဖြင့် ဖြစ်မြောက်နိုင်စွမ်းလေ့လာခြင်းလုပ်ငန်း ဆောင်ရွက်ရန် ပြည်တွင်းတိုင်းရင်းသားကုမ္ပဏီများကို တင်ဒါခေါ်ယူထားကြောင်း တင်ဒါစိစစ်ရေးကော်မတီ၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သိရသည်။
အဆိုပါ တင်ဒါလျှောက်လွှာများကို သြဂုတ်လ တစ်ရက်နေ့မှ ၁၅ ရက်နေ့အထိ လျှောက်လွှာတစ်စောင်လျှင် ငါးသိန်းနှုန်းဖြင့်ရောင်းချပေးသွားမည်ဖြစ်ပြီး အဆိုပြုလွှာတင်သွင်းရမည့်ရက်မှာ ဒီဇင်ဘာလ ၂ ရက်နေ့တွင် တင်သွင်းရမည်ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် ပြီးခဲ့သည့် ဇူလိုင်လတွင်လည်းပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်မည့် ဖုန်အင်ခ၊ ကဆန်ရေ၊ နမ့်မယ်ဆိုင်၊ နမ့်ကန်၊ နမ့်တဘက်(ကယား)နဲ့ အထက်ဆည်တော်ကြီး ရေအားလျှပ်စစ်စီမံကိန်းအတွက် တင်ဒါခေါ်ယူခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ၁၀ မဂ္ဂါဝပ်အထက် ထုတ်လုပ်နိုင်သည့် ရေအားလျှပ်စစ်ထုတ်စက်ရုံ ၂၇ ရုံနှင့် ၁၀ မဂ္ဂါဝပ်အောက် စက်ရုံ ၃၅ ရုံ ရှိကြောင်း အာရှဖွံဖြိုးရေးဘဏ် ADB ၏ စစ်တမ်းတွင် ဖော်ပြထားပြီး အဆိုပါ ရေအားလျှပ်စစ်စက်ရုံများမှ စုစုပေါင်း ၃၀၀၀ မဂ္ဂါဝပ်ကျော် ထွက်ရှိကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
#Local_News
Published_3 Aungust 2022
မလေးရှားနေ မြန်မာတစ်ဦးက သူ၏ကလေး ၃ ယောက်ကိုတံတားပေါ်ကဦးစွာပစ်ချကာ ကိုယ်တိုင်လည်းတံတားပေါ်မှ ခုန်ချသတ်သေမှု သြဂုတ်လ ၂ ရက် နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့ကြောင်း မြန်မာလူမူကူညီရေးအသင်း (မလေးရှား)က သိရသည်။
အသက် ၃၈ နှစ်အရွယ်ရှိ အဆိုပါ အမျိုးသားက MRR2 အဝေးပြေးလမ်းမကြီး၏ တံတားပေါ်မှ ခုန်ချခြင်းမပြုမီ ကလေးများဖြစ်သော ယောက်ျားလေးနှစ်ဦးနှင့် မိန်းကလေးတစ်ဦးကို ဦးစွာပစ်ချခဲ့ကာ သူကိုယ်တိုင်လည်း ခုန်ချသတ်သေခဲ့ကြောင်း သိရသည်။
ပစ်ချခံရသော ကလေး ၃ ဦးထဲမှ သားတစ်ဦးနှင့် သမီးတစ်ဦးပွဲချင်းပြီးသေဆုံးကာ သားတစ်ဦးမှာ ပြင်းထန်ဒဏ်ရာ ရရှိခဲ့သောကြောင့် ဆလာယန်းဆေးရုံကို ပို့ဆောင်ကုသနေကြောင်း၊ ပွဲချင်းပြီး သေဆုံးခဲ့ကြသော ဖခင်ဖြစ်သူနှင့် ကလေးနှစ်ဦးတို့၏ ရုပ်အလောင်းများကို ကွာလာလမ်ပူဆေးရုံ၏ မှုခင်းဆေးကုသရေးဌာနသို့ ပို့ဆောင်ထားကြောင်း သိရသည်။
သေဆုံးသူမှာ ချင်းတိုင်းရင်းသား ဦး Cholei ဖြစ်ပြီး အသက် ၈ နှစ်အရွယ် သမီး Vadetisoh နှင့် အသက် ၆ နှစ်အရွယ် သား Vabiechose တို့ဖြစ်ကြောင်း၊ ပြင်းထန်ဒဏ်ရာ ရသွားသူမှာ အသက် ၃ နှစ်အရွယ် Shadrah Vabiechopha ဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါအမှုကို ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်စစ်ဆေးနေပြီး မလေးရှား ရဲတပ်ဖွဲ့အနေဖြင့် ပြည်သူများထံ သတင်းအချက်အလက်များပေးဆောင်ရန် တောင်းဆိုထားကြောင်းလည်း သိရသည်။

ymg/mt
#Yangon_Media_Group
Page 2036 of 2405