#LocalNews
Published -1 March 2022
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး တည်ထားကိုးကွယ်တော်မှုသော စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ နယ်ရှိ မင်းဘိသိက်ခံ မြတ်စွာဘုရား တပေါင်းပွဲတော်အား မတ်လ ၁၆ ရက်နေ့ တွင် ကျင်းပမယ်လို့ နတ်တလူသာသနာပြုစခန်းကသိရပါတယ်။
မဟာဗောဓိမြိုင်ဆရာတော်ဘုရားရဲ့သီလရိပ်သို့ ခိုဝင်လျက်ကပင် မကောင်းမှုကို လွှင့်နှင်ရန်၊ သမာဓိရိပ်သို့ ခိုဝင်လျက်ကပင် ကောင်းမှုကို ပင့်တင်ရန်၊ ပညာရိပ်သို့ ခိုဝင်လျက်ကပင် စိတ်ဓာတ်ကို မြှင့်တင်ရန်အလိုငှာ ပင့်သံဃာ (၁၀၈) ပါးတိုအား ဒါနဝတ္ထုအစုစုတိုနှင့် စာရေးတံမဲများ ဆက်ကပ်လှူဒါန်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။
အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် နတ်တလူသာသနာပြုစခန်းတွင်၁၃၈၃ ခုနှစ် တပေါင်းလပြည့်နေ့ နံနက် ၈ နာရီအချိန်တွင် ဒါနဝတ္ထုအစုစုတို့ နဲ့ စာရေးတံမဲများ ဆက်ကပ်လှူဒါန်းသွား မှာဖြစ်သလို နံနက် ၅ နာရီမှ နေ့ ၁၂ နာရီအထိ စတုဒိသာများနဲ့ ကျွေးမွေးဧည့်ခံသွားမယ်လို့ သိရပါတယ်။
ကျေးဇူးတော်ရှင်မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးသည် ၁၃၈၃ ခုနှစ် ဝါဆိုလပြည့် ကျော် (၁)ရက်နေ့မတ်လ ၁၃ရက်မှစတင်၍ သာသနာ့အကျိုး လောကကောင်းကျိုးအတွက် (၇) ရက်သားသမီးများ၏ ကုသိုလ်အကျိုးငှာ ဆွမ်းခံပြီး အပူဇော်ခံ ကြွပေးနေခြင်းကို ၁၃၈၃ ခုနှစ် ပဉ္စဝီသတိမ (၂၅) ကြိမ်မြောက် မင်းဘိသိက်ခံ မြတ်စွာဘုရားတပေါင်းပွဲတော်ကြီးကျင်းပရန် ရှိနေပါသဖြင့် ၁၃၈၃ ခုနှစ် တပေါင်းလဆန်း ( ၁၂ ) ရက်နေ့တွင် ဆွမ်းခံကြွပြီး အပူဇော်ခံခြင်းကို ရပ်နားမည် ဖြစ်ပါကြောင်း ဝေနေယျ သာ၀ကအပေါင်းတို့ အား သိရှိစေရန် ကြေညာထားပါတယ်။
ymg/hm
#Yangon_Media_Group
#LocalHealth
Published_ 1 Mar 2022
ကျန်းမာရေးဝန်ကြီးဌာနက သူနာပြုသင်တန်းကျောင်းများမှ သင်တန်းပြီးမြောက် အောင်မြင်ခဲ့သူ သစ်လွင်သူနာပြု ၆၈၄ ဦးအား မနေ့က အလုပ်ခန့်အပ်တာဝန်ပေးအပ် ခဲ့ကြောင်း သိရပါတတယ်။
ထိုကဲ့သို့ပေးအပ်ရာမှာ နေပြည်တော်၊ မုံရွာ၊ လွိင်ကော် သူနာပြုသင်ကျောင်းများမှ သင်တန်း ပြီးမြောက်အောင်မြင်ခဲ့သူ သစ်လွင်သူနာပြု ၆၅ ဦးအား ကျန်းမာရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ နှင့် သူနာပြု/သားဖွားသင်တန်းကျောင်း ၂၂ ကျောင်းမှ သင်တန်းပြီးမြောက် အောင်မြင်ခဲ့သူ သစ်လွင်သူနာပြု ၆၁၉ ဦးအား သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များ၌လည်းကောင်း သစ်လွင်သူနာပြု ခန့်အပ်လွှာများ ပေးအပ်ခဲ့ပြီး၊ စုစုပေါင်း သစ်လွင်သူနာပြု ၆၈၄ ဦး ခန့်အပ်ခဲ့ကြောင်းသိရှိရပါတယ်။
ဒါ့အပြင် မကြာမီသင်တန်းပြီးဆုံးတော့မယ့် သားဖွားဆရာမ ၁၆၅ ဦးကိုလည်း အမြန်ဆုံးအလုပ်ခန့်အပ် တာဝန်ပေးသွားမှာဖြစ်ပြီး ကျန်ရှိနေသေးသော သူနာပြုသားဖွား သင်တန်း၊ ပေါင်းကူးသင်တန်းများကို ဆက်လက်ဖွင့်လှစ်သွားမှာ ဖြစ်တယ်လို့ ကျန်းမာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားနေသည့် ကာလဖြစ်သည့်အတွက် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလမှစတင်၍ သင်တန်းကျောင်းများ ပိတ်ထားခဲ့ရပြီး ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှစတင်၍ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ် နိုင်ခဲ့ကာ သူနာပြုသင်တန်းသား/သူလေးများရဲ့ မဆုတ်မနစ် ဇွဲ၊ လုံလ၊ ဝီရိယနှင့် ကြိုးစားအားထုတ်သင်ယူခဲ့ကြလို့ သူနာပြု-သားဖွားဒီပလိုမာစာမေးပွဲကို အောင်မြင်စွာဆွတ်ခူးနိုင်ကြတဲ့အတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း ကျန်းမာရေး ဝန်ကြီး၊ ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း ပြောကြားခဲ့ပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ကျန်းမာ ရေးလူ့စွမ်းအားအရင်းအမြစ်များဖြစ်တဲ့ ဆရာဝန်များ၊ သူနာပြုဆရာ/ဆရာမများ၊ သားဖွား ဆရာမများနှင့် ဆေးဘက်ဆိုင်ရာ ပညာရှင်များကို လေ့ကျင့်မွေးထုတ်ပေးလျက်ရှိရာတွင် ပြည်သူလူထုအား အရည်အသွေး ပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် နိုင်ငံတော်ရဲ့ လိုအပ်ချက်နှင့်အညီ နှစ်စဉ်လေ့ကျင့်မွေးထုတ်လျက်ရှိကြောင်း သိရပါတယ်။
ymg-mnn
#Yangon_Media_Group
#LocalNews
Published - 1 March 2022
သီလဝါစက်မှုဇုန်တွင် တန်ဖိုးမြှင့်ငါးစာထုတ်စက်ရုံတစ်ခုကို အမေရိကန်အခြေစိုက် Scoular က ဖွင့်လှစ်ခဲ့ကြောင်း ယင်း၏ တရားဝင် သတင်းစာမျက်နှာတွင် ထုတ်ပြန်ထားသည်။
"အာရှမှာ နောက်ထပ် ရင်းနှီးမြှုပ်နှံမှုတစ်ခုအနေဖြင့် Scoular ရဲ့ ငါးအသားလုပ်ငန်းကို တိုးချဲ့ရတာ ကျွန်ုပ်တို့ စိတ်လှုပ်ရှားမိပါတယ်၊ အရည်အသွေးရှိတဲ့ ငါးအသားထွက်ပစ္စည်းတွေကို အာရှအစာဈေးကွက်တွေကို အချိန်နှင့်တပြေးညီ တင်ပို့ ပံ့ပိုးပေးဖို့ လုပ်ငန်းမှာအချက်အချာ ကျမှာပါ"ဟုလည်း ထုတ်ပြန်ရေးသားထားရာတွင် ဖော်ပြထားသည်။
သီလဝါစက်မှုဇုန်တွင် လာရောက်ဖွင့်လှစ်ခဲ့သော ငါးစာ တန်ဖိုးမြှင့် ထုတ်လုပ်မယ့် စက်ရုံသစ်ကို ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အနေဖြင့် Scoular Myanmar Co,. Ltd. က ဆောင်ရွက်နေခြင်းဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ကလည်း ၂၀၂၁ ခုနှစ် ဇန်နဝါရီလအတွင်းက ခွင့်ပြုခဲ့ကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံတွင် ဖွင့်လှစ်လိုက်သော အဆိုပါစက်ရုံသစ်က အမေရိကန်အခြေစိုက် Scoular ၏ အာရှဒေသအတွင်း တိုးချဲ့တည်ရှိမှုအဓိက အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်းလည်း သိရသည်။
Scoular သည် ရောင်းအားဒေါ်လာ ၆ ဘီလီယံရှိသော နှစ်ပေါင်း ၁၃၀ သက်တမ်းရှိ ကုမ္ပဏီတစ်ခုဖြစ်ကြောင်း၊ ယင်းထုတ်ကုန်များမှာ ဘေးကင်းလုံခြုံ ယုံကြည်စိတ်ချရကြောင်းနှင့် Scoular ၏ ကမ္ဘာလုံးဆိုင်ရာ ရုံးချုပ်မှာ အမေရိကန်၊ Omaha၊ Nebraska တွင် တည်ရှိကြောင်းလည်း သိရသည်။
ymg/mt
photo-Scoular
Yangon_Media_Group
#LocalNews
Published - 1 March 2022
ရန်ကုန်တိုင်းဒေသကြီးအတွင်းပြေးဆွဲနေသော YBSယာဉ်များကို ကတ်စနစ်နဲ့စီးနှင်းနိုင်ဖို့အတွက် YPS ကတ်အရောင်းစင်တာတွေကို ပြန်လည်ဖွင့်လှစ်နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီကသိရပါတယ်။
YPS အမှတ်တံဆိပ်ပါသော g&g ဆိုင်များအပြင်YPS ရဲ့ အရောင်းကောင်တာများကို ဆူးလေမှတ်တိုင်၊မြန်မာပလာဇာရှေ့၊ သခင်မြပန်းခြံ(ကမ်းနားလမ်း)၊ယုဇနပလာဇာရှေ့နဲ့စိုက်ပျိုးရေးမှတ်တိုင်အနီးရှိ YPS အရောင်းကောင်တာများတွင် တနင်္လာမှ သောကြာ နံနက် ၈နာရီခွဲ မှ ညနေ ၄နာရီခွဲ အတွင်း၊ စနေနေ့တွင် နံနက် ၈နာရီခွဲမှ နေ့လည် ၁၂နာရီခွဲအတွင်း YPS ကတ်သစ်ဝယ်ယူခြင်း၊ယာဉ်စီးခဖြည့်သွင်းခြင်း၊လက်ကျန်ငွေစစ်ဆေးခြင်း၊YPS ကတ်အခြေအနေစစ်ဆေးခြင်း တို့ကို သတ်မှတ်အချိန်အတွင်းဝန်ဆောင်မှုရယူနိုင်တယ်လို့ သိရပါတယ်။
ရန်ကုန်မြို့အတွင်း ပြေးဆွဲလျက်ရှိတဲ့ YBS ယာဉ်လိုင်းတွေကိုYangon Payment Service(YPS)စနစ်နဲ့ ခရီးအကွာအဝေးအလိုက် ယာဉ်စီးခများ ပိုင်းဖြတ်ကောက်ခံသွားမှာဖြစ်တယ်လို့ YRTC ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၂၁ ရက်နေ့က စပြီးတော့ YBS ခရီးသည်တင်ဘတ်စ်ကားလိုင်းတွေမှာ ငွေပေးချေစနစ်ဖြစ်တဲ့ YPS (Yangon Payment Services) စတင် အသုံးပြုခဲ့ကြတာ ဖြစ်ပေမယ့် တွင်တွင်ကျယ်ကျယ် မဖြစ်သေးတာကြောင့် YRTC အနေနဲ့ ပြီးခဲ့တဲ့ ရက်က Asia Starmar ကုမ္ပဏီ၊ လူထုမိတ်ဆွေယာဉ်လိုင်းအများနှင့်သက်ဆိုင်သောကုမ္ပဏီ ၊ GYCT Public ကုမ္ပဏီ ၊ IGE ကုမ္ပဏီ ၊ uab Bank စတာတွေနဲ့ ဆွေးနွေးခဲ့ကြပါတယ်။
လက်ရှိမှာ YPS ကတ် တပ်ဆင်ထားတဲ့ ယာဉ်လိုင်းကုမ္ပဏီ ၅ ခု ရှိပြီး YPS ကတ်အသုံးပြုနိုင်တဲ့ ယာဉ်စီးရေ ၁၉၀၂ စီးရှိပြီ လို့ YRTC က သိရပါတယ်။
ymg/hm
#Yangon_Media_Group
#LocalNews
Published -1 Mar 2022
စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာမြင့်နိုင်ကို ဖေဖော်ဝါရီ ၂၈ ရက်နေ့ မနေ့က မုံရွာအကျဥ်းထောင်ရှိ အထူးတရားရုံးမှ ထောင်ဒဏ် ၂၁ နှစ်ချမှတ်လိုက် တယ်လို့ ရှေ့နေအသိုင်းအဝိုင်းကနေသိရပါတယ်။
ဝန်ကြီးချုပ်ဟောင်း ဒေါက်တာမြင့်နိုင်ကို မုံရွာအကျဥ်းထောင်ရှိ အထူးတရားရုံး က အဂတိပုဒ်မ ၅၅ နဲ့ အမှု(၇) မှုအတွက် ထောင်ဒဏ် ၂၁ နှစ်ချမှတ်ခဲ့တာဖြစ်တယ်လို့ အမှုတွေကိုလိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောပါတယ်။
“၁ မှုကို ၃ နှစ်စီနဲ့ ၇ မှုအတွက် စုစုပေါင်း ၂၁ နှစ်ချလိုက်တာပါ။ အရင်ကလည်း ပုဒ်မ ၅၀၅(ခ)နဲ့ ထောင်ဒဏ် ၂ နှစ်ချထားသေးတယ်” လို့ ရှေ့နေတစ်ဦးကပြောပါတယ်။
၂၀၂၁ ခုနှစ် မေလ ၅ ရက်က ဝန်ကြီးချုပ်ဟောင်း ဒေါက်တာမြင့်နိုင်ကို အဂတိလိုက် စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ ဖြင့် အမှု (၇)မှု၊ ၅၀၅(ခ)အမှု (၁) မှုတို့ကို မုံရွာမြို့မရဲစခန်းမှာ မေ ၅ ရက်တွင် ပထမ သတင်းပေးတိုင်ကြားချက် ဖွင့်လှစ်ကာ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ နဲ့ အမှုအမှတ် ၁/၂၀၂၁မှ ၇/၂၀၂၁အထိ အမှုတစ်မှုအတွက် အလုပ်နဲ့ ထောင် ဒဏ် ၃နှစ်စီချမှတ်ခဲ့ရာ စုစုပေါင်းအမှု (၇)မှုအတွက် အလုပ်နှင့် ထောင်ဒဏ် ၂၁ နှစ် ချမှတ်ခဲ့သလိုဝန်ကြီးချုပ်ဟောင်း ဒေါက်တာမြင့်နိုင်ကို မုံရွာအကျဉ်းထောင်တွင်း တရားရုံးက ၂၀၂၁ခုနှစ်ကဒီဇင်ဘာ ၂၀ ရက်က ပုဒ်မ ၅၀၅ (ခ) အမှုအတွက် ထောင်ဒဏ် ၂ နှစ် အမိန့်ချခဲ့တာ ကြောင့်စုစုပေါင်း ထောင်ဒဏ် ၂၃ နှစ်ကို ကျခံရမှာဖြစ်ပါတယ်။
ymg/hm
#Yangon_Media_Group
#LocalNews
Published_ 1 March 2022
တပ်မတော်၏ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ၂၀၂၂ ခုနှစ် မတ်လ ၁ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်အထိ ထပ်မံတိုးမြှင့်ရပ်စဲလိုက်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
အဆိုပါထုတ်ပြန်ချက်တွင် တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိစေရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်နိုင်ရေး ရည်ရွယ်၍လည်းကောင်း၊ မြန်မာနိုင်ငံတစ်ဝန်းလုံး၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရေး ရည်ရွယ်၍လည်းကောင်း မြန်မာ နိုင်ငံတစ်ဝန်းလုံး၌ နိုင်ငံတော်ကာကွယ်ရေးနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များအပြင် နိုင်ငံတော်အစိုးရ၏ လုံခြုံရေးနှင့် အုပ်ချုပ်ရေး ယန္တရားများအား နှောင့်ယှက်ထိပါး တိုက်ခိုက်ချိန်မှအပ တပ်မတော်၏ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ၂၀၂၂ ခုနှစ်၊ မတ်လ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ထပ်မံတိုးမြှင့် ရပ်စဲလိုက်ကြောင်း ဖော်ပြထားပါတယ်။
တပ်မတော်အနေဖြင့် ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တနေသည့် ငြိမ်းချမ်းရေးပန်းတိုင်ကို ဆွေးနွေးညှိနှိုင်းအဖြေရှာခြင်းဟူသည့် ဒီမိုကရေစီ ကျင့်စဉ်နှင့်အညီ လျှောက်လှမ်းကြရမည်ဖြစ်ပါသဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် သက်ဆိုင်သူများ အားလုံးအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်တွေ့ကျကျ တိုးမြှင့်အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေး ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှပါဝင်ဆောင်ရွက်နိုင်ကြပါရန် မေတ္တာရပ်ခံထားပါတယ်။
တပ်မတော်အနေဖြင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်မှစ၍ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက် ထုတ်ပြန်မှုပေါင်း အကြိမ် ၂၀ ပြုလုပ်ပေးခဲ့ပြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲပေးခဲ့ကြောင်း သိရပါတယ်။ နစက အနေဖြင့် ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ NCA အတိုင်း အလေးထား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတယ်လို ကြေညာချက်မှာဖော်ပြထားပါတယ်။
ymg-mnn
#Yangon_Media_Group
#LocalNews
Published -1 Mar 2022
ရန်ကုန်တိုင်းဒေသကြီးအတွင်း ယနေ့ နံနက်အစောပိုင်းက မြို့နယ်နှစ်ခုတွင်မီးလောင်မှုနှစ်ကြိမ်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်များမှာ မတ်လ ၁ရက်နေ့၊ နံနက် ၅နာရီ ၅၀ မိနစ်အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၆/၁၂)ရပ်ကွက်၊ ရွှေညာမောင်လမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် Level 1ယာဉ်အုပ်စု ထွက်ခွာငြိမ်းသက်ခဲ့ရာ နံနက် ၆နာရီကျော်ခန့်တွင်မီးငြိမ်းသွားခဲ့ပါတယ်။
ထိုအပြင် ယနေ့နံနက် ၆နာရီအချိန်ခန့်ကလည်းရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ငွေပင်လယ်စက်မှုဇုန်၊ ဆိပ်ကမ်းသာလမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် Level 1ယာဉ်အုပ်စု ၊ Level 2 ယာဉ်အုပ်စု ထွက်ခွာငြိမ်းသက်ခဲ့ရာ ၆နာရီ ၄၅မိနစ် အချိန်မှာ မီးငြိမ်းသွားခဲ့ပါတယ်။
ဖေဖော်ဝါရီလ ၂၈ရက်နေ့ကလည်း ရန်ကုန်တိုင်းဒေသကြီးအတွင်း ၈ကြိမ်ထက်မနည်းမီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။
ymg/hm
#Yangon_Media_Group
Page 1750 of 1797