#WorldCrime
Published 11 July 2022

 

ဂျပန်နိုင်ငံရဲ့ သက်တမ်းအကြာရှည်ဆုံးခေါင်းဆောင် ဝန်ကြီးချုပ်ဟောင်း'ရှင်ဇိုအာဘေး'ကို လုပ်ကြံပစ်သတ်ခဲ့တဲ့ တရားခံဟာ လုပ်ကြံရာမှာအသုံးပြုခဲ့တဲ့သေနတ်ပြုလုပ်ဖို့အတွက် ယူကျူ့ဘ်ကနေကြည့်ရှုခဲ့ကြောင်း စုံစမ်းရေးသတင်းအရင်းအမြစ်တွေကနေ တနင်္ဂနွေနေ့က ဖော်ပြခဲ့ပါတယ်။

 

အသက် ၄၁ နှစ်ရှိ'တက်ဆုယာယာမာဂါမီ'က သူမကျေမနပ်ဖြစ်နေတဲ့ ဘာသာရေးအဖွဲ့အစည်းတစ်ခုနဲ့ဆက်နွယ်နေတဲ့ စက်ရုံတစ်ခုမှာ လက်လုပ်သေနတ်တစ်ခုကို စမ်းသပ်ခဲ့တယ်လို့ ဝန်ခံခဲ့ကြောင်း သတင်းအရင်းအမြစ်တွေမှာ ဖော်ပြထားပါတယ်။

 

ထိုအဖွဲ့အစည်းဟာ 'အာဘေး'နဲ့လည်းဆက်စပ်နေပြီး 'ယာမာဂါမီ'ရဲ့အမေကလည်း အဆိုပါ အဖွဲ့အစည်းကို လှူဒါန်းမှုကြီးတစ်ခုပြုလုပ်ထားကြောင်း ဖွင့်ဟခဲ့ပါတယ်။

 

နာရာစီရင်စုနယ်ရဲတပ်ဖွဲ့က 'ယာမာဂါမီ'ဟာ ကြိုတင်စီစဉ်ထားတဲ့လုပ်ကြံမှုကိုမပြုလုပ်ခင်မှာ သေနတ်ကိုစမ်းသပ်ခဲ့တယ်လို့ ယူဆနေကြပါတယ်။

 

ရွေးကောက်ပွဲအတွက် မဲမပေးခင် ၂ ရက်အလို သောကြာနေ့မှာ ဂျပန်အနောက်ပိုင်းနာရာမြို့ရှိ မီးရထားဘူတာရုံအပြင်ဘက်၌ အသက် ၆၇ နှစ်ရှိ'အာဘေး'က အောက်လွှတ်တော်ရွေးကောက်ပွဲမိန့်ခွန်းပြောကြားနေစဉ် 'ယာမာဂါမီ'က ပစ်သတ်ခဲ့တာဖြစ်ပါတယ်။

 

လုပ်ကြံသတ်ဖြတ်ရတဲ့ ရည်ရွယ်ချက်က နိုင်ငံရေးလှုံ့ဆော်မှုအရ မဟုတ်ကြောင်း 'ယာမာဂါမီ'ကငြင်းဆန်ခဲ့ကာ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီအဖွဲ့ရဲ့ အမှုဆောင်တစ်ဦးကို အစကပစ်မှတ်ထားခဲ့ပြီးနောက် ထိုအဖွဲ့ရဲ့ခေါင်းဆောင်ဟောင်းကို လုပ်ကြံရန်ကြိုးပမ်းခဲ့တာဖြစ်ကြောင်း ရဲတွေဆီမှာဝန်ခံခဲ့ပါတယ်။

 

စီရင်စုနယ်ရဲတပ်ဖွဲရဲ့ပြောကြားချက်အရ 'အာဘေး'ကိုလုပ်ကြံခဲ့တဲ့သေနတ်နဲ့အလားတူ လက်လုပ်သေနတ်များစွာကို 'ယာမာဂါမီ'ရဲ့အိမ်ကနေ သိမ်းဆည်းရမိခဲ့ပြီး ယူကျူ့ဘ်ကနေကြည့်ရှုကာ သေနတ်ပြုလုပ်နိုင်ဖို့အကြိမ်ကြိမ်ကြိုးစားခဲ့ရတဲ့ပုံစံမျိုး မြင်တွေ့ခဲ့ရပါတယ်။

 

'အာဘေး'ကို ပစ်ခတ်ခဲ့တဲ့သေနတ်က ကျည်ဆံ ၆ တောင့်ထည့်သွင်းပစ်ခတ်နိုင်တဲ့ သေနတ်ဖြစ်ပါတယ်။
သတ္တုပိုက်နှစ်ခုကို တိပ်ဖြင့်တွဲချည်ထားပြီး ပလတ်စတစ်ဘူးခွံထဲက ကျည်ဆံတွေက ပြောင်းနှစ်ခုစလုံးကနေထွက်နိုင်တာကြောင့် ပြောင်းချောအနီးပစ်သေနတ်နဲ့ဆင်တူကြောင်း ဖော်ပြထားပါတယ်။

 

သေနတ်စမ်းသပ်ရင်း အပေါက်တွေကျန်ခဲ့တယ်လို့ယူဆရတဲ့ ၁ စတုရန်းမီတာအရွယ်အစားရှိ သစ်သားပြားတွေကို 'ယာမာဂါမီ'ရဲ့ကားထဲကနေတွေ့ရှိခဲ့ပါတယ်။

 

ဒါ့အပြင် ယမ်းမှုန့်တွေအခြောက်ခံတဲ့နေရာမှာအသုံးပြုတဲ့ အလူမီနီယမ်အုပ်ဗန်းကိုလည်း တွေ့ခဲ့ရပါတယ်။

 

'ယာမာဂါမီ'က ဗုံးတစ်လုံးပြုလုပ်ရန်လည်းကြိုးပမ်းခဲ့ပေမယ့် စမ်းသပ်ရာမှာ အမှားအယွင်းတွေဖြစ်နေတာကြောင့် မအောင်မြင်ခဲ့ဘူးလို့ ဆိုခဲ့ပါတယ်။

 

ရေကြောင်းကာကွယ်ရေးတပ်သားဟောင်းတစ်ဦးဖြစ်တဲ့ 'ယာမာဂါမီ'ကို အမှုဖြစ်ပွားရာနေရာမှာပဲ ရဲတွေကဖမ်းဆီးရမိခဲ့ပြီး လူသတ်မှုဖြင့် အစိုးရရှေ့နေများထံ တနင်္ဂနွေနေ့က ပို့ဆောင်ခဲ့ပါတယ်။

 

'အာဘေး'ကတော့ ဘယ်ဘက်လက်မောင်းနဲ့ လည်ပင်းတိုမှာ သေနတ် ၂ ချက်ထိမှန်ခဲ့ပြီး သွေးထွက်လွန်ကာကွယ်လွန်သွားခဲ့ပါတယ်။

 

'အာဘေး'မိန့်ခွန်းမပြောခင်က ကင်တက်ဆုမီးရထားရဲ့ ယာမာတိုဆိုင်ဒိုင်ဂျီဘူတာရုံနားတဝိုက်မှာ လှည့်လည်သွားလည်ခဲ့တယ်လို့ ရဲတွေထံဝန်ခံခဲ့ပါတယ်။

 

လုံခြုံရေးကင်မရာမှာ ဖမ်းယူရရှိခဲ့တဲ့သက်သေများအရ ပစ်ခတ်မှုမဖြစ်ခင် တစ်နာရီခွဲအလို မနက် ၁၀ နာရီအချိန်မှာ ဘူတာရုံသို့ရောက်ရှိခဲ့ပြီး ဆိုင်အများအပြားကို ဝင်ထွက်သွားလာခဲ့ပုံတွေကိုလည်း ရိုက်ကူးမိခဲ့ပါတယ်။

 

Source: KYODO NEWS
#Yangon_Media_Group