#World_Space
Published 1 March 2023

 

ပြီးခဲ့တဲ့ ရက်သတ္တပတ်များအတွင်း ကောင်းကင်ယံကနေ ထူးထူးဆန်းဆန်းအရာများ နေရာအနှံ့မှ ပြုတ်ကျလာခဲ့ပါတယ်။

 

သိပ္ပံပညာရှင်တွေက ထိုဖြစ်ရပ်အများစုကို ဖြေရှင်းနိုင်ခဲ့ကာ ပြီးခဲ့တဲ့လ ဟာဝိုင်အီမှာ ပေါ်လာခဲ့တဲ့ အပြာရောင်အလိမ်တန်းကြီးက SpaceX မှ လွှတ်တင်ခြင်းသာဖြစ်ခဲ့ပါတယ်။

 

ဒါပေမဲ့ ၁၉၆၆ ခုနှစ်က ဩစတြေးလျကျောင်းတစ်ကျောင်းပေါ်ကနေ ဖြတ်သန်းပျံသန်းသွားတဲ့ ပန်းကန်ပြားပျံလို အဖြစ်မျိုးကိုတော့ ယုတ္တိကျကျ မရှင်းပြနိုင်သေးပါဘူး။

 

၁၉၅၄ ခုနှစ်က ကြက်ဥပုံသဏ္ဍာန်ယာဉ်ပေါ်ကနေ ဘောလုံးပရိသတ်များခေါင်းပေါ်သို့ ငွေဖြူရောင်အမျှင်များကျလာတာကိုလည်း ပဟေဠိမဖြေရှင်းနိုင်သေးပါဘူး။

 

မဖြေရှင်းနိုင်သေးတဲ့ အထူးဆန်းဆုံး အမည်မသိယာဉ် ၇ ခုဖြစ်ရပ်အကြောင်းကို MailOnline က ဖော်ပြလိုက်ပါတယ်။

 

(၁) ပန်းကန်ပြားပျံ - ဩစတြေးလျ
၁၉၆၆ ဧပြီ ၆ ရက်နေ့မှာ ဩစတြေးလျ မဲလ်ဘုန်းရှိ ဝက်စ်တောလ်အထက်တန်းကျောင်းက ကျောင်းသားတွေနဲ့ ဆရာတွေဟာ ပန်းကန်ပြားပျံတစ်ခု ပျံသန်းနေတာကို မျက်မြင်တွေ့ခဲ့ကြပါတယ်။

 

မိနစ် ၂၀ ခန့်ကြာပြီးနောက် နောက်ထပ်ယာဉ် ၅ စီးက ထိုပန်းကန်ပြားပျံကို ဝန်းရံလိုက်ကာ စုဝေးပျံသန်းသွားကြောင်း ပြောပြခဲ့ကြပါတယ်။

 

(၂) အနီနှင့်အစိမ်းရောင်အလင်းများ - ယူကေ
၁၉၈၀ ဒီဇင်ဘာလတုန်းက ယူကေ ရန်ဒယ်ရှန်တောအနီး စခန်းချထားတဲ့ အမေရိကန်လေတပ်က အနီရောင်နဲ့ အစိမ်းရောင်အလင်းတန်းတွေ တွေ့ရှိခဲ့ကြောင်း တင်ပြခဲ့ပါတယ်။

 

ထိုအရာတွေဟာ ညအချိန်အလင်းတန်းများ ဆက်တိုက်ဖြစ်ပေါ်လာခြင်းကြောင့်လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ဆိုခဲ့ပါတယ်။

 

(၃) ဖီးနစ်အလင်းတန်းများ - အမေရိကန်
၁၉၉၇ မတ်လညတစ်ညက ဖီးနစ်အလင်းများ ပေါ်ပေါက်ပြီးနောက်ပိုင်း အရီဇိုးနားမှာ အမည်မသိယာဉ်ပျံများ မကြာခဏတွေ့လာရပါတယ်။
အလင်းတန်း ၅ ခုဟာ ပုံစံတကျ ပျံသန်းနေခဲ့ပြီး V ပုံသဏ္ဍာန်ပေါ်ပေါက်နေခဲ့ပါတယ်။

 

(၄) ငွေဖြူရောင်အမျှင်များ - အီတလီ
၁၉၅၄ အောက်တိုဘာ ၂၇ ရက်နေ့မှာ အီတလီ ဖီအိုရင်တီးနားရှိ ဘောလုံးပွဲတစ်ပွဲအတွင်း အာကာသယာဉ်ဝိုင်းတစ်ခုကနေ ငွေရောင်အမျှင်များ ပြုတ်ကျလာတာကို ပရိသတ်များတွေ့မြင်ခဲ့ကြပါတယ်။
ထိုအမျှင်များကို လေ့လာဆန်းစစ်ခဲ့ရာမှာ ဘိုရွန်၊ ဆီလီကွန်၊ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယံတို့နဲ့ ပြုလုပ်ထားတာ တွေ့ရပါတယ်။

 

(၅) ဂြိုဟ်သားတွေ့ရှိခြင်း - ဇင်ဘာဘွေ
၁၉၉၄ ခုနှစ် စက်တင်ဘာ ၁၆ ရက်နေ့မှာ ဇင်ဘာဘွေနိုင်ငံ ရူဝါအပြင်ဘက်ရှိ မူလတန်းကျောင်းမှာ ကျောင်းသား ၆၂ ယောက်က ကောင်းကင်ကနေ ငွေရောင်ယာဉ်ကြီးဆင်းလာတာကို မြင်တွေ့ကြပြီး လူသားကဲ့သို့ပုံသဏ္ဍာန်ရှိကာ ရဂ်ဘီဘောလုံးအရွယ်ကဲ့သို့ မျက်လုံးများနဲ့ အနက်ရောင်တို့ ဝတ်ဆင်ထားပါတယ်။

 

ထိုဂြိုဟ်သားများက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအကြောင်းကို စိတ်စွမ်းအင်ဖြင့် အသိပေးခဲ့ကာ ကမ္ဘာဂြိုဟ်ကိုမဖျက်ဆီးကြဖို့ သတိပေးသွားပါတယ်။

 

(၆) ကွင်းပြင်၌ဂြိုဟ်သားနှင့်တွေ့ဆုံခြင်း - ယူကေ
၁၉၈၇ ဒီဇင်ဘာ ၁ ရက်နေ့မှာ အငြိမ်းစားရဲအရာရှိတစ်ဦးက ယော့ခ်ရှိုင်းယားရှိ အစ်က်လေကွင်းပြင်မှာ လမ်းလျှောက်နေစဉ် ဂြိုဟ်သားသဏ္ဍာန်တစ်ခုနဲ့ ဆုံတွေ့မိခဲ့ပါတယ်။

 

ဓာတ်ပုံရယူခဲ့ပေမယ့် ပညာရှင်များလေ့လာကြည့်ရာမှာ သေချာမမြင်ရဘဲ ဖြစ်နေပါတယ်။

 

(၇) မမျှော်လင့်ဘဲဆိုက်ရောက်လာခြင်း - အမေရိကန်
၂၀၀၆ ခုနှစ် နိုဝင်ဘာ ၇ ရက်နေ့မှာ အိုဟဲနိုင်ငံတကာလေဆိပ်ရှိ ဝန်ထမ်းတစ်ဦးက ကောင်းကင်မှာ သတ္တုပန်းကန်ပြားပျံတစ်စင်းကို မြင်တွေ့ခဲ့ပါတယ်။

 

ဝန်ထမ်း ၁၂ ယောက်အပါအဝင် လေဆိပ်ရှိ လေယာဉ်အချို့မှ ခရီးသည်တွေကလည်းတွေ့ရှိခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။

 

#Source: Daily Mail #World_Space #ယခုအချိန်အထိ #UFO #ဖြစ်ရပ်(၇)ခု #YMG #Yangon_Media_Group