#World_Health
Published 12 November 2026

■ ခါးနာတာဟာ လူအများစု ဘဝတစ်လျှောက် တစ်ချိန်ချိန်မှာ ကြုံတွေ့ရလေ့ရှိတဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။ အထူးသဖြင့် ၁၂ ပတ်ကျော်ကြာအောင် ခါးအောက်ပိုင်း နာကျင်နေမယ်ဆိုရင် နာတာရှည်ခါးနာခြင်းလို့ သတ်မှတ်နိုင်ပြီး ကမ္ဘာတစ်ဝန်းမှာ ကိုယ်လက်လှုပ်ရှားမှုနဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ထိခိုက်စေတဲ့အဓိကအကြောင်းရင်းတွေထဲက တစ်ခုလည်းဖြစ်ပါတယ်။

■ ခါးနာရတဲ့အကြောင်းရင်းတွေထဲမှာ အဆစ်ရောင်ရောဂါ၊ ကျောရိုးကြားအရိုးပြား (Disc) နေရာရွေ့ခြင်း၊ ကျောရိုးအတွင်း အာရုံကြောတွေကို ဖိမိစေတဲ့ ကျောရိုးလမ်းကြောင်း ကျဉ်းမြောင်းခြင်းတို့ ပါဝင်ပါတယ်။ ဒါပေမဲ့ ခါးနာသူအများစုမှာတော့ တိတိကျကျ ဘာကြောင့်နာရတယ်ဆိုတာ ရှာမတွေ့တာလည်းများပါတယ်။

■ American College of Physicians ရဲ့ လမ်းညွှန်ချက်တွေအရ နာတာရှည်ခါးနာသူတွေအတွက် ဖြစ်နိုင်ရင် ဆေးဝါးတွေကိုသာ အားကိုးတာထက် အပ်စိုက်ကုထုံး၊ ကိုယ်လက်လေ့ကျင့်ခန်းနဲ့ စိတ်ပိုင်းဆိုင်ရာ အပြုအမူကုထုံး (CBT) တို့ကိုပိုမိုဦးစားပေးဖို့အကြံပြုထားပါတယ်။

■ ဒါပေမဲ့ လူတိုင်းအတွက် အဆင်ပြေတဲ့ ကုထုံးတစ်မျိုးတည်းတော့ မရှိပါဘူး။ တစ်ယောက်နဲ့တစ်ယောက် နာကျင်မှုသက်သာပုံချင်း မတူနိုင်တာကြောင့် ကိုယ့်အတွက်အဆင်ပြေမယ့် နည်းလမ်းကို စမ်းသပ်ရှာဖွေဖို့ လိုအပ်ပါတယ်။

■ Oregon Health & Science University မှ ဆေးပညာပါမောက္ခ Roger Chou ကလည်း နာတာရှည်ခါးနာခြင်းအတွက် ကုထုံးအများစုဟာ အတိုင်းအတာတစ်ခုအထိသာ သက်သာစေနိုင်ပေမဲ့ ကိုယ့်အတွက် အကျိုးရှိမယ့် ကုထုံးတစ်မျိုးမျိုး ဒါမှမဟုတ် ကုထုံးပေါင်းစပ်မှုကို ရှာဖွေဖို့ ကြိုးစားသင့်တယ်လို့ပြောပါတယ်။

■ ကျွမ်းကျင်သူတွေက သိပ္ပံနည်းကျ သုတေသနတွေနဲ့ အကျိုးရှိကြောင်း သက်သေပြထားတဲ့ ကုထုံး ၃ မျိုးကို အခုလို အကြံပြုထားပါတယ်။

■ ■ ၁။ အပ်စိုက်ကုထုံး

■ အပ်စိုက်ကုထုံးဆိုတာ ခန္ဓာကိုယ်ရဲ့ သတ်မှတ်ထားတဲ့ နေရာတွေမှာ အပ်သေးသေးလေးတွေကို စိုက်ထည့်ပြီး နာကျင်မှုကို သက်သာစေတဲ့ ကုထုံးတစ်မျိုးပါ။

■ ဒီကုထုံးကို သီးသန့်အသုံးပြုတာဖြစ်စေ၊ လေ့ကျင့်ခန်းနဲ့ ပြန်လည်သန်စွမ်းရေးကုထုံးတွေလို ပုံမှန်ကုသမှုတွေနဲ့ တွဲဖက်အသုံးပြုတာဖြစ်စေ နာတာရှည်ခါးနာမှုကို သက်သာစေနိုင်တယ်လို့ သုတေသနတွေက ဖော်ပြထားပါတယ်။

■ ဒါပေမဲ့ အပ်စိုက်ကုထုံးဟာ ကိုယ်တိုင်လှုပ်ရှားလုပ်ဆောင်ရတဲ့ ကုထုံးမျိုးမဟုတ်ဘဲ အကူအညီပေးတဲ့ ကုထုံးဖြစ်တာကြောင့် လေ့ကျင့်ခန်းလုပ်ခြင်း၊ ရေထဲမှာ လေ့ကျင့်ခန်းလုပ်ခြင်းတို့နဲ့ တွဲဖက်အသုံးပြုတာ ပိုကောင်းတယ်လို့ ကျွမ်းကျင်သူ Roger Chou က ဆိုပါတယ်။

■ အပ်စိုက်ကုထုံးမှာလည်း နည်းလမ်းအမျိုးမျိုးရှိပါတယ်။

■ ပုံမှန်အပ်စိုက်ခြင်း - ခန္ဓာကိုယ်ရဲ့ သတ်မှတ်နေရာတွေမှာ အပ်စိုက်ပေးခြင်း။

■ နားအပ်စိုက်ခြင်း - နားရွက်အပြင်ဘက်က သတ်မှတ်နေရာတွေမှာ အပ်စိုက်ပေးခြင်း။

■ အပ်မသုံးဘဲ ဖိနှိပ်ကုသခြင်း (Acupressure) - ခန္ဓာကိုယ်ရဲ့ သတ်မှတ်နေရာတွေကို လက်နဲ့ ဖိနှိပ်ပေးခြင်း။

■ လျှပ်စစ်အပ်စိုက်ခြင်း (Electroacupuncture) - အပ်ကတစ်ဆင့် လျှပ်စစ်လှုံ့ဆော်မှုပေးခြင်း။

■ အပ်စိုက်ကုထုံးက ဘယ်လိုအလုပ်လုပ်တယ်ဆိုတာ အတိအကျ မသိရသေးပေမဲ့ အာရုံကြောစနစ်ကို လှုံ့ဆော်ပေးပြီး နာကျင်မှုကို လျော့နည်းစေသလို ခန္ဓာကိုယ်ရဲ့ သဘာဝအတိုင်း ပြန်လည်သက်သာလာမှုကိုလည်း အထောက်အကူပြုနိုင်တယ်လို့ ယူဆထားကြပါတယ်။

■ သုတေသနတွေအရ အပ်စိုက်ကုထုံးဟာ ဘာကုသမှုမှ မခံယူတာ ဒါမှမဟုတ် အပ်စိုက်ကုသမှုအတုနဲ့ နှိုင်းယှဉ်ရင် နာကျင်မှုကို သိသိသာသာ သက်သာစေနိုင်ပါတယ်။ အကိုက်အခဲပျောက်ဆေးအချို့နဲ့လည်း သက်သာမှုအဆင့် အလားတူရှိပြီး အနည်းငယ်ပိုကောင်းနိုင်ပေမဲ့ ကွာခြားချက်ကတော့ သိပ်မများပါဘူး။

■ ■ ၂။ ရေထဲမှာ လေ့ကျင့်ခန်းလုပ်ခြင်း

■ Hydrotherapy ဆိုတာ ရေထဲမှာ ပြုလုပ်တဲ့ ကိုယ်ကာယကုထုံးတစ်မျိုးပါ။ ရေထဲမှာ လေ့ကျင့်ခန်းလုပ်တာ၊ ကြွက်သားတွေကို ဆန့်ထုတ်တာတွေ ပါဝင်ပါတယ်။

■ ရေထဲမှာ ခန္ဓာကိုယ်အလေးချိန်ကို ရေက ထောက်ပံ့ပေးထားတာကြောင့် အဆစ်တွေနဲ့ ခန္ဓာကိုယ်အောက်ပိုင်းအပေါ် ဖိအားလျော့နည်းစေပါတယ်။ ဒါ့အပြင် ရေရဲ့ သဘာဝခုခံအားကလည်း ကြွက်သားတွေကို နူးညံ့စွာလေ့ကျင့်ပေးနိုင်ပါတယ်။

■ သုတေသနတွေအရ ဒီနည်းလမ်းဟာ နာတာရှည်ခါးနာသူတွေအတွက် အကျိုးရှိနိုင်သလို အဆစ်အမြစ်ရောင်ရောဂါနဲ့ ကြွက်သားနာကျင်မှုဖြစ်စေတဲ့ ရောဂါရှိသူတွေအတွက်လည်း အထောက်အကူပြုနိုင်ပါတယ်။

■ ■ ၃။ စိတ်ပိုင်းဆိုင်ရာ အပြုအမူကုထုံး

■ အရင်တုန်းက သိပ္ပံပညာရှင်တွေဟာ နာကျင်မှုဆိုတာ ခန္ဓာကိုယ်တစ်ရှူးတွေ ထိခိုက်ပျက်စီးတဲ့အခါ ဖြစ်ပေါ်လာတဲ့ တုံ့ပြန်မှုတစ်ခုလို့ ယူဆခဲ့ကြပါတယ်။

■ ဒါပေမဲ့ ယနေ့ခေတ်မှာတော့ နာကျင်မှုဟာ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ အခြေအနေတစ်ခုတည်းကြောင့် ဖြစ်တာမဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာနဲ့ လူမှုရေးဆိုင်ရာ အကြောင်းအရင်းတွေပါ ပေါင်းစပ်သက်ရောက်နေတယ်လို့ ကျွမ်းကျင်သူတွေက ရှင်းပြထားပါတယ်။

■ University of Washington မှ ပြန်လည်သန်စွမ်းရေးဆေးပညာပါမောက္ခ Mark P. Jensen က"နာကျင်မှုဆိုတာ ခန္ဓာကိုယ်ကို အန္တရာယ်မဖြစ်အောင် ကာကွယ်ပေးဖို့ ဦးနှောက်က ဖန်တီးပေးတဲ့ တုံ့ပြန်မှုတစ်ခုပါ။ တကယ်တော့ ခန္ဓာကိုယ်ဟာ ထိခိုက်မှုမဖြစ်ခင်ကတည်းက နာကျင်မှုကို ခံစားနိုင်အောင် ဖွဲ့စည်းထားတာဖြစ်ပြီး ဒါဟာ သတိပေးစနစ်တစ်ခုပါပဲ" လို့ ဆိုပါတယ်။

■ ဒါကြောင့် ခါးနာနေသူတစ်ယောက်ဟာ ခန္ဓာကိုယ်မှာ ထိခိုက်ပျက်စီးမှု မရှိတော့ရင်တောင် နာကျင်မှုကို ဆက်လက်ခံစားနေရနိုင်ပါတယ်။ အဲဒါဟာ နာကျင်မှုကို ဦးနှောက်က တုံ့ပြန်တဲ့ပုံစံတစ်ခု ဖြစ်လာတာကြောင့်ပါ။ ဒီလိုပြောတာဟာ လူနာက နာကျင်မှုကို စိတ်ကူးနဲ့ ဖန်တီးနေတယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။

■ CBT ကုထုံးဟာ နာကျင်မှုအပေါ် လူတစ်ယောက်ရဲ့ အတွေးအမြင်နဲ့ တုံ့ပြန်ပုံတွေကို ပြောင်းလဲပေးဖို့ ရည်ရွယ်တဲ့ ကုထုံးဖြစ်ပါတယ်။ နာကျင်မှုတိုင်းဟာ ခန္ဓာကိုယ်မှာ အန္တရာယ်ရှိနေတယ်ဆိုတဲ့ အယူအဆကို ပြန်လည်သုံးသပ်နိုင်အောင် ကူညီပေးပြီး နေ့စဉ်ဘဝ လုပ်ငန်းဆောင်တာတွေကို ပြန်လည်လုပ်ဆောင်နိုင်ဖို့ အထောက်အကူပြုပါတယ်။

■ နာတာရှည်ခါးနာခြင်းကို သက်သာစေဖို့ အပ်စိုက်ကုထုံး၊ ရေထဲမှာ လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာ အပြုအမူကုထုံး (CBT) တို့ဟာ သုတေသနအထောက်အထားတွေ ရှိတဲ့ နည်းလမ်းတွေဖြစ်ပါတယ်။ လူတစ်ဦးချင်းစီရဲ့ အခြေအနေအလိုက် သင့်တော်တဲ့ ကုထုံးကို ရွေးချယ်ပြီး ဆရာဝန်နဲ့ တိုင်ပင်ကုသတာက အကောင်းဆုံးဖြစ်ပါတယ်။

■ ခါးနာမှုနဲ့အတူ ခြေထောက်အားနည်းလာခြင်း၊ ဆီးဝမ်းမထိန်းနိုင်ခြင်း၊ ပေါင်ကြားတစ်ဝိုက် ထုံကျင်ခြင်းတို့ရှိလာပါက အရေးပေါ်ဆေးကုသမှု ခံယူသင့်ပါတယ်။

Source-Torontosun