#World_Health
Published 19 November 2026
■ လူ့ခန္ဓာကိုယ်ထဲက ဆဲလ်တွေကို ဓာတ်ခွဲခန်းထဲမှာ မွေးမြူမယ်။ အဲဒီဆဲလ်တွေကို အသုံးပြုပြီး အလုပ်လုပ်နိုင်တဲ့ ခန္ဓာကိုယ်တစ်ရှူးတွေကို 3D ပရင့်တာနည်းပညာနဲ့ ထုတ်လုပ်မယ်။ ပြီးရင် လူ့ခန္ဓာကိုယ်ထဲ ပြန်လည်အစားထိုးမယ်။
■ ဒီလိုစိတ်ကူးမျိုးကို လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ပြောခဲ့တုန်းက လူအများစုက မဖြစ်နိုင်တဲ့အရာ၊ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်ထဲက ဇာတ်လမ်းတစ်ခုလိုပဲ သဘောထားခဲ့ကြပါတယ်။
■ တချို့ဆရာဝန်တွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေကတောင် သူ့ရဲ့စိတ်ကူးကို ယုံကြည်မှုမရှိခဲ့ကြပါဘူး။ သူ့ကို "Crazy Aryeh" လို့တောင် ခေါ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
■ ဒါပေမဲ့ အခုတော့ အခြေအနေတွေ ပြောင်းလဲသွားပါပြီ။
■ သူတည်ထောင်ခဲ့တဲ့ Precise Bio ကုမ္ပဏီရဲ့ ဓာတ်ခွဲခန်းမှာ ထုတ်လုပ်ထားတဲ့ မျက်ကြည်လွှာတစ်ရှူး အစားထိုးပစ္စည်းတွေကို အစ္စရေးနိုင်ငံ Rambam Health Care Campus မှာ လူနာ ၅ ယောက်အထိ အစားထိုးကုသပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
■ ဒီနည်းပညာကို အကောင်အထည်ဖော်ခဲ့သူ Aryeh Batt အတွက်တော့ သူ့ရဲ့စိတ်ကူးဟာ တကယ်ဖြစ်နိုင်တယ်ဆိုတာ သက်သေပြနိုင်ခဲ့တဲ့ အချိန်ပါပဲ။
■ "လူတွေက မဖြစ်နိုင်ဘူး၊ သိပ္ပံစိတ်ကူးယဉ်ပဲလို့ ပြောခဲ့ကြတယ်။ ဒါပေမဲ့ အခုတော့ အဲဒါ သိပ္ပံစိတ်ကူးယဉ် မဟုတ်တော့ဘူးဆိုတာ ကျွန်တော်တို့ သက်သေပြနိုင်ခဲ့ပါပြီ။ အရင်က မမြင်နိုင်ခဲ့တဲ့သူတွေ ဒီနည်းပညာကြောင့် အခုပြန်မြင်လာကြပြီ။
■ ဒါဟာ အိပ်မက်တစ်ခု၊ ရင်းနှီးမြှုပ်နှံသူတွေကို ပြသတဲ့ Presentation တစ်ခုလောက်ပဲ မဟုတ်တော့ပါဘူး။ တစ်ရှူးတွေကို စက်ရုံလို စနစ်တကျ ထုတ်လုပ်နိုင်တယ်၊ စမ်းသပ်နိုင်တယ်၊ လူ့ခန္ဓာကိုယ်ထဲ အစားထိုးနိုင်တယ်၊ အလုပ်လည်း လုပ်နိုင်တယ်ဆိုတာ သက်သေပြနိုင်ခဲ့ပါပြီ" လို့ သူက Walla Health နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောခဲ့ပါတယ်။
■ မျက်စိပြန်မြင်လာပြီး စာတောင် ပြန်ဖတ်နိုင်ခဲ့တဲ့လူနာ
■ ဒီနည်းပညာရဲ့ အရေးကြီးဆုံးအောင်မြင်မှုက ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၉ ရက်နေ့မှာ စတင်ခဲ့တာပါ။
■ အဲဒီနေ့မှာ Rambam ဆေးရုံရဲ့ မျက်ကြည်လွှာကုသရေးအဖွဲ့ကို ဦးဆောင်တဲ့ ပါမောက္ခ Michael Mimouni နဲ့ Shaare Zedek Medical Center က ပါမောက္ခ David Zadok၊ Beilinson ဆေးရုံက ပါမောက္ခ Eitan Livny တို့ ပူးပေါင်းပြီး လူနာတစ်ယောက်ကို ကမ္ဘာ့ပထမဆုံးအကြိမ်အဖြစ် ဒီနည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ ဇီဝဗေဒအခြေခံ မျက်ကြည်လွှာအစားထိုးပစ္စည်းကို ခွဲစိတ်အစားထိုးပေးခဲ့ကြပါတယ်။
■ ဒီအစားထိုးပစ္စည်းကို လူ့မျက်ကြည်လွှာဆဲလ်တွေကနေ ဓာတ်ခွဲခန်းထဲမှာ မွေးမြူထုတ်လုပ်ထားတာဖြစ်ပြီး 3D Bioprinting နည်းပညာကို အသုံးပြုထားတာပါ။
■ အဲဒီလူနာဟာ ကုသမှုမခံယူခင်က ခွဲစိတ်မယ့်မျက်လုံးတစ်ဖက်မှာ လုံးဝမမြင်နိုင်ခဲ့ပါဘူး။
ခွဲစိတ်ကုသမှုအပြီးမှာတော့ အဲဒီမျက်လုံးနဲ့ ပြန်မြင်လာနိုင်ခဲ့ပါတယ်။
■ ဒါဟာ အသက်ရှင်နေတဲ့ လူ့ဆဲလ်တွေကို အသုံးပြုပြီး 3D Bioprinting နည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ မျက်ကြည်လွှာအစားထိုးပစ္စည်းကို လူသားတစ်ဦးမှာ ပထမဆုံးအကြိမ် အောင်မြင်စွာ အစားထိုးနိုင်ခဲ့တဲ့ ဖြစ်ရပ်ဖြစ်ပါတယ်။
■ အဲဒီနောက် စမ်းသပ်ကုသမှုကို ဆက်လက်တိုးချဲ့ခဲ့ပြီး အခုအချိန်အထိ လူနာ ၅ ယောက်မှာ အစားထိုးကုသမှု ပြုလုပ်ထားပါတယ်။
■ လက်ရှိလေ့လာမှုဟာ Phase 1 Clinical Trial ဖြစ်ပြီး လူနာ ၁၅ ယောက်အထိ ပါဝင်ဖို့ စီစဉ်ထားပါတယ်။
■ ဒီအဆင့်ရဲ့ အဓိကရည်ရွယ်ချက်က နည်းပညာရဲ့ ဘေးကင်းမှု၊ လူနာတွေ ခံနိုင်ရည်ရှိမှုနဲ့ ကနဦးထိရောက်မှုတွေကို စစ်ဆေးဖို့ ဖြစ်ပါတယ်။
■ စောင့်ကြည့်လေ့လာမှုတွေ ပြီးဆုံးတဲ့နောက် ၂၀၂၇ ခုနှစ်မှာ ရလဒ်တွေ ထုတ်ပြန်ဖို့ မျှော်လင့်ထားပါတယ်။
■ မျက်ကြည်လွှာအလှူရှင်တစ်ယောက်ကနေ လူနာ ၄၀၀ မှ ၅၀၀ အထိ ကုသနိုင်ဖို့ ရည်ရွယ်ထားတယ်။
■ ဒီနည်းပညာဟာ ကမ္ဘာတစ်ဝန်းမှာ ရင်ဆိုင်နေရတဲ့ မျက်ကြည်လွှာအလှူရှင်ရှားပါးမှုပြဿနာကို ဖြေရှင်းပေးနိုင်မယ့် အလားအလာရှိပါတယ်။
■ JAMA Ophthalmology မှာ ထုတ်ဝေခဲ့တဲ့ ကမ္ဘာလုံးဆိုင်ရာ သုတေသနတစ်ခုအရ မျက်ကြည်လွှာအစားထိုးဖို့ လိုအပ်နေသူ ၇၀ ယောက်မှာ အစားထိုးလှူဒါန်းနိုင်တဲ့ မျက်ကြည်လွှာတစ်ခုသာ ရှိတယ်လို့ ခန့်မှန်းထားပါတယ်။
■ ကမ္ဘာတစ်ဝန်းမှာ အမြင်အာရုံပြန်ရနိုင်တဲ့ ကုသမှုကို လိုအပ်နေပေမယ့် မရရှိသေးတဲ့သူပေါင်း ၁၅ သန်းလောက် ရှိနေပါတယ်။
■ အစ္စရေးနိုင်ငံမှာလည်း တခြားနိုင်ငံတွေလိုပဲ ပြည်ပ Eye Bank တွေကနေ မျက်ကြည်လွှာတွေ တင်သွင်းအသုံးပြုနေရပါတယ်။ ဒါပေမဲ့ တင်သွင်းထားတဲ့ မျက်ကြည်လွှာတွေ ရှိနေရင်တောင် တချို့လူနာတွေဟာ အလှူရှင်ရဖို့ နှစ်နဲ့ချီ စောင့်ဆိုင်းရတတ်ပါတယ်။
■ Precise Bio ရဲ့ နည်းပညာကတော့ အလှူရှင်တစ်ယောက်ရဲ့ မျက်ကြည်လွှာကို လုံးဝမလိုအပ်တော့အောင် လုပ်ပေးတာမျိုး မဟုတ်ပါဘူး။
■ အလှူရှင်ဆီကနေ ဆဲလ်တွေကို ထုတ်ယူပြီး ဓာတ်ခွဲခန်းထဲမှာ အများကြီးပွားများအောင် မွေးမြူထုတ်လုပ်တာပါ။
■ ဒေါက်တာ Batt ရဲ့ ပြောကြားချက်အရ လက်ရှိနည်းပညာနဲ့ မျက်ကြည်လွှာအလှူရှင်တစ်ယောက်ရဲ့ ဆဲလ်တွေကနေ အစားထိုးပစ္စည်း ၄၀၀ ကနေ ၅၀၀ အထိ ထုတ်လုပ်နိုင်ဖို့ အဆင့်ရောက်နေပြီလို့ ဆိုပါတယ်။
■ ဒီစွမ်းဆောင်ရည်ကို စီးပွားဖြစ်ထုတ်လုပ်တဲ့အဆင့်မှာပါ အတည်ပြုနိုင်ခဲ့မယ်ဆိုရင် ရှားပါးတဲ့ ဇီဝပစ္စည်းတစ်ခုကို လိုအပ်သလို အများအပြား ထုတ်လုပ်နိုင်တဲ့ ပစ္စည်းတစ်ခုအဖြစ် ပြောင်းလဲပေးနိုင်မှာပါ။
■ နောက်ထပ် စိတ်ဝင်စားစရာကတော့ ထုတ်လုပ်ထားတဲ့ မျက်ကြည်လွှာအစားထိုးပစ္စည်းမှာ ဆဲလ်သိပ်သည်းဆ ပိုများတာပါ။
■ တစ်စတုရန်းမီလီမီတာမှာ ဆဲလ် ၄,၀၀၀ ကျော် ပါဝင်ပြီး သာမန်အလှူရှင်တစ်ရှူးတွေမှာတော့ ဆဲလ် ၂,၀၀၀ ကနေ ၂,၅၀၀ ဝန်းကျင်သာရှိတတ်ပါတယ်။
■ ဆဲလ်အရေအတွက် ပိုများတာကြောင့် အစားထိုးထားတဲ့ တစ်ရှူးဟာ ပိုကြာကြာ အလုပ်လုပ်နိုင်မယ်လို့ မျှော်လင့်ထားကြပါတယ်။
■ ဒါပေမဲ့ ဒီအချက်ကိုလည်း လူနာတွေကို ရေရှည်စောင့်ကြည့်လေ့လာပြီးမှသာ အတည်ပြုနိုင်မှာ ဖြစ်ပါတယ်။
■ အနာဂတ်မှာ နှလုံး၊ အသည်းနဲ့ ကျောက်ကပ်တစ်ရှူးတွေကိုပါ ထုတ်လုပ်နိုင်ဖို့ ရည်မှန်းထားတယ်
■ Precise Bio ရဲ့ ရည်မှန်းချက်က မျက်ကြည်လွှာထုတ်လုပ်မှုမှာတင် ရပ်တန့်သွားမှာ မဟုတ်ပါဘူး။
■ ကုမ္ပဏီဟာ မျက်စိရဲ့ မြင်လွှာ (Retina) တစ်ရှူးတွေကိုလည်း သုတေသနလုပ်နေပြီး အရင်ကလည်း နှလုံးကြွက်သားတစ်ရှူးတွေကို စမ်းသပ်ပုံနှိပ်ထုတ်လုပ်ခဲ့ဖူးပါတယ်။
■ ဒေါက်တာ Batt ရဲ့ ခန့်မှန်းချက်အရ နှလုံး၊ အသည်းနဲ့ ကျောက်ကပ်တို့ရဲ့ အစိတ်အပိုင်းတချို့လို တစ်ရှူးတွေဟာ လာမယ့် ၁၀ နှစ်ကနေ ၁၅ နှစ်အတွင်း ဆေးကုသမှုလုပ်ငန်းတွေမှာ အသုံးပြုနိုင်လာဖို့ မျှော်လင့်ထားပါတယ်။
■ ဒါပေမဲ့ နှလုံးတစ်ခုလုံး၊ ကျောက်ကပ်တစ်ခုလုံးလို အင်္ဂါအစိတ်အပိုင်း အပြည့်အစုံကို ထုတ်လုပ်ဖို့ကတော့ အချိန်အများကြီး လိုအပ်ဦးမှာပါ။
■ အောင်မြင်မှုကြီးတစ်ခု ဖြစ်ပေမဲ့ ဆေးဘက်ဆိုင်ရာ ထုတ်ကုန်အဖြစ် ရောက်ဖို့တော့ လိုသေးတယ်
■ လူ ၅ ယောက်ကို အစားထိုးကုသနိုင်ခဲ့တာဟာ အလွန်အရေးပါတဲ့ မှတ်တိုင်တစ်ခု ဖြစ်ပါတယ်။
■ ဒါပေမဲ့ ဒီနည်းပညာကို လူတိုင်းအသုံးပြုနိုင်တဲ့ စီးပွားဖြစ်ဆေးဘက်ဆိုင်ရာ ထုတ်ကုန်တစ်ခုဖြစ်လာဖို့တော့ လမ်းခရီးအများကြီး ကျန်ပါသေးတယ်။
■ လက်ရှိစမ်းသပ်မှုတွေ အောင်မြင်စွာ ပြီးဆုံးသွားရင်တောင် လူနာအရေအတွက် ပိုများတဲ့ နောက်ထပ်စမ်းသပ်မှုတွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်။
■ တစ်ချိန်တည်းမှာပဲ စီးပွားဖြစ်ထုတ်လုပ်နိုင်တဲ့ အရည်အသွေးစံနှုန်းတွေနဲ့ ကိုက်ညီအောင် ထုတ်လုပ်ရေးစက်ရုံတွေကိုလည်း အဆင့်မြှင့်တင်ရဦးမှာဖြစ်ပါတယ်။
Source- The Jerusalem Post