#World_News
Published 12 October 2026

■ စနေနေ့က အီရန်ကျောထောက်နောက်ခံပြု ဟူသီအဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် လူ ၁၃ ယောက်  သေဆုံးပြီး ၃၀၀ ကျော် ဒဏ်ရာရရှိခဲ့ပြီးတဲ့နောက် တနင်္ဂနွေနံနက်မှာလည်း ဆော်ဒီအာရေးဗီးယားနိုင်ငံ ရီယာဒ် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ တိုက်ခိုက်မှုအသစ် ထပ်ဖြစ်ခဲ့လို့ လူ ၁ ယောက် သေဆုံးပြီး ၁၁ ယောက်  ဒဏ်ရာရသွားတယ်လို့ ဆော်ဒီအာဏာပိုင်တွေက သတင်းထုတ်ပြန်ပါတယ်။

■ ဆော်ဒီဦးဆောင်တဲ့ မဟာမိတ်တပ်ဖွဲ့တွေရဲ့ အဆိုအရ မသိရသေးတဲ့ လက်နက်ဆန်းတစ်ခုဟာ ရီယာဒ် အပြည်ပြည်ဆိုင်ရာလေဆိပ်ရဲ့ အဆောက်အအုံ Terminal 4 ကို ထိမှန်ခဲ့ပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တာပါ။

■ ဒါ့အပြင် ဆော်ဒီလေကြောင်းကာကွယ်ရေးတပ်ဟာ King Khalid အပြည်ပြည်ဆိုင်ရာလေဆိပ် အနီးအနားမှာ မစ်ဆိုင်းဒုံးကျည်တစ်စင်းကို ကြားဖြတ်ပစ်ချနိုင်ခဲ့သလို၊ အရှေ့ပိုင်းပြည်နယ်ဘက်မှာလည်း ဒရုန်းတစ်စင်းနဲ့ Khamis Mushait ဘက်ကို ပစ်လွှတ်လိုက်တဲ့ ပဲ့ထိန်းမစ်ဆိုင်းဒုံးကျည်တစ်စင်းကို ပစ်ချနိုင်ခဲ့တယ်လို့ မဟာမိတ်တပ်ဖွဲ့က နောက်ပိုင်းမှာထပ်မံပြောကြားခဲ့ပါတယ်။

■ စနေနေ့က ဖြစ်ပွားခဲ့တဲ့ ရီယာဒ်လေဆိပ် တိုက်ခိုက်မှုဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်အတွင်း ဆော်ဒီမှာ ဖြစ်ပွားခဲ့သမျှ တိုက်ခိုက်မှုတွေထဲမှာ လူသေပျောက်မှု အများဆုံးဖြစ်ခဲ့ပြီး လေဆိပ်ကိုလည်း ပိတ်ထားခဲ့ရပါတယ်။

■ ရုပ်သံမှတ်တမ်းတွေအရ ဘုရားဖူးသွားဖို့ ပြင်ဆင်နေကြတဲ့ ပြည်သူတွေကြားထဲ ဝင်းခနဲ မီးတောက်သွားပြီး လေဆိပ်မျက်နှာကြက် အစိတ်အပိုင်းအချို့ ပြိုကျလာတာကြောင့် လူတွေ ထိတ်လန့်တကြား ထွက်ပြေးခဲ့ကြရတာကို တွေ့ရပါတယ်။

Source-Reuters