#World_News
Published 18 March 2026

■ ဝါရှင်တန် — အီရန်အား ဆန့်ကျင်သည့် စစ်ဆင်ရေးများတွင် ပါဝင်နေသော အမေရိကန်ပြည်ထောင်စု၏ အသစ်ဆုံးနှင့် ကမ္ဘာ့အကြီးဆုံး လေယာဉ်တင်သင်္ဘောကြီး USS Gerald R. Ford သည် သင်္ဘောပေါ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီးနောက် ဆိပ်ကမ်းသို့ ယာယီဆိုက်ကပ်ရန်ရှိကြောင်း အမေရိကန်အရာရှိများက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

■ ယင်းဖြစ်စဉ်သည် တီဟီရန်နှင့် ဖြစ်ပွားနေသော စစ်ပွဲ (၁၈) ရက်မြောက်နေ့တွင် ပင်လယ်နီအတွင်း၌ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

■ အမည်မဖော်လိုသည့် အရာရှိများ၏ ပြောကြားချက်အရ သင်္ဘော၏ ပင်မ အဝတ်လျှော်ဧရိယာတွင် မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးငြိမ်းသတ်ရန် နာရီပေါင်းများစွာ အချိန်ယူခဲ့ရကာ အိပ်စင် ၁၀၀ ခန့် ထိခိုက်ပျက်စီးခဲ့သည်။

■ မီးခိုးမွှန်မှုကြောင့် ရေတပ်သား ၂၀၀ နီးပါးကို ကုသပေးခဲ့ရပြီး တပ်ဖွဲ့ဝင်တစ်ဦးကိုမူ ဆေးဝါးကုသမှုခံယူရန် လေယာဉ်ဖြင့် အရေးပေါ်တင်ဆောင်သွားခဲ့ရသည်။

■ သို့သော်လည်း သင်္ဘော၏ တွန်းကန်အားပေးစက်ရုံမှာ ထိခိုက်ပျက်စီးမှုမရှိဘဲ လေယာဉ်တင်သင်္ဘောသည် အပြည့်အဝ ဆက်လက်လည်ပတ်နေဆဲဖြစ်ကြောင်း အမေရိကန်စစ်တပ်က အတည်ပြုထားသည်။

■ ယခုအခါ အဆိုပါ လေယာဉ်တင်သင်္ဘောသည် ဂရိနိုင်ငံ၊ ခရီကျွန်း (Crete) ရှိ ဆူဒါပင်လယ်အော်သို့ ယာယီသွားရောက်ဆိုက်ကပ်မည်ဟု မျှော်မှန်းရပြီး မည်မျှကြာကြာရပ်နားမည်ကိုမူ မသိရသေးပေ။

■ ယခုဖြစ်စဉ်ကြောင့် သင်္ဘော၏ တာဝန်ထမ်းဆောင်မှု သက်တမ်းကြာရှည်နေခြင်းအပေါ် အာရုံစိုက်မှုများ ထွက်ပေါ်လာခဲ့သည်။

■ အဆိုပါ စစ်သင်္ဘောသည် အရှေ့အလယ်ပိုင်းသို့ မရောက်ရှိမီ ကာရစ်ဘီယံဒေသအတွင်း ဗင်နီဇွဲလားအား ဆန့်ကျင်သည့် စစ်ဆင်ရေးများတွင် ပါဝင်ခဲ့ပြီး စုစုပေါင်း ၉ လကြာ တာဝန်ချထားခံခဲ့ရသည်။

■ ဤမျှကြာရှည်စွာ တာဝန်ချထားမှုကြောင့် သင်္ဘောပေါ်ရှိ ရေတပ်သား ၅,၀၀၀ ကျော်၏ စိတ်ဓာတ်ရေးရာနှင့် စစ်သင်္ဘော၏ အသင့်ဖြစ်မှုအပေါ် မေးခွန်းထုတ်စရာများ ဖြစ်လာခဲ့သည်။

■ ဖေဖော်ဝါရီ ၂၈ ရက်တွင် အီရန်အား ဆန့်ကျင်သည့် စစ်ဆင်ရေးများ စတင်ခဲ့ပြီးကတည်းက အမေရိကန်သည် ပစ်မှတ်ပေါင်း ၇,၀၀၀ ကျော်ကို တိုက်ခိုက်ခဲ့ပြီးဖြစ်သည်။

■ Ford သင်္ဘောတွင် F-18 Super Hornet အပါအဝင် တိုက်လေယာဉ် ၇၅ စီးကျော်နှင့် ခေတ်မီရေဒါစနစ်များ ပါရှိသည်။

■ ၎င်းအား မြေပြင်မှလေပြင်ပစ်၊ မြေပြင်မှမြေပြင်ပစ်နှင့် ရေငုပ်သင်္ဘောတိုက်ဖျက်ရေး စွမ်းရည်များပါဝင်သည့် Normandy၊ Thomas Hudner၊ Ramage၊ Carney နှင့် Roosevelt စသည့် ကရူဇာနှင့် ဖျက်သင်္ဘောများက အထောက်အကူပြုလိုက်ပါလျက်ရှိသည်။