#World_Health
Published 14 May 2026

■ အဆုတ်ကင်ဆာ ဖြစ်ပွားမှုတွေနဲ့ အဆုတ်ကင်ဆာကြောင့် အသက်ဆုံးပါးမှုတွေ နောက်ပိုင်းနှစ်တွေမှာ ကျဆင်လာပေမယ့် ငယ်ရွယ်ပြီး ဆေးလိပ်မသောက်တဲ့ သူတွေမှာ အဆုတ်ကင်ဆာ အဖြစ်များလာတာကို သုတေသီတွေ စိုးရိမ်နေကြပါတယ်။

■ လေ့လာချက်တစ်ခုမှာ ကျန်းမာရေးညီညွတ်တဲ့ အစားအသောက်တွေနဲ့ ဆေးလိပ်မသောက်သူတွေမှာ စောစောစီးစီး အဆုတ်ကင်ဆာ ဖြစ်ပွားခြင်းတို့ကြား အံ့အားသင့်ဖွယ် ဆက်စပ်မှုရှိနေတာ တွေ့ရပါတယ်။

■ ဒါဟာ တွေ့ရှိချက်သာဖြစ်ပြီး ဟင်းရွက်၊ အသီးအနှံ၊ အစေ့အဆန်များ စားသုံးခြင်းက ကင်ဆာဖြစ်စေတယ်ဆိုတဲ့ အထောက်အထား မဟုတ်ပါဘူး။

■ အသက် ၅၀ မတိုင်ခင် ကင်ဆာဖြစ်တာကို စောစီးစွာ ကင်ဆာဖြစ်တယ်လို့ခေါ်ပြီး ဆေးလိပ်မသောက်သူတွေမှာ အဆုတ်ကင်ဆာ အဖြစ်များလာပါတယ်။

■ သုတေသီတွေက အချက်အလက်များဆန်းစစ်ကာ ဒီလိုဖြစ်စေတဲ့ ပြောင်းလဲမှုတွေ အကြောင်းအရာတွေကို ရှာဖွေနေကြပါတယ်။

■ ကင်ဆာအကျိတ် ဖြစ်ပွားပုံလမ်းကြောင်းတွေကို ဆန်းစစ်ဖို့ လူနာ ၁၈၇ ဦးကို လေ့လာခဲ့ကြပြီး ရောဂါဖြစ်ပွားစေတဲ့ အကြောင်းအရာတွေနဲ့ စားသောက်ပုံစံတို့ကိုပါ လေ့လာခဲ့ကြပါတယ်။

■ ကျန်းမာရေးညီညွတ်တဲ့ အစားအစာတွေက ကင်ဆာဖြစ်စေတယ်လို့ မယူဆသင့်ဘဲ ပိုးသတ်ပေါင်းသတ်ဆေးလိုမျိုး အကြောင်းအရာတွေကို လေ့လာဖို့က ပိုပြီးအရေးကြီးကြောင်း ယူဆရပါတယ်။

■ ဘယ်လိုပဲဖြစ်ဖြစ် ကျန်းမာရေးနဲ့ ညီညွတ်စွာ စားသုံးဖို့က အလုံးစုံကျန်းမာရေးအတွက် အရေးကြီးဆဲဖြစ်တယ်လို့ သုတေသီတွေ အကြံပြုထားပါတယ်။

Source: Medical News Today.