#World_Health
Published 10 July 2026
■ သကြားမုန်လာ၊ ဟင်းနုနွယ်၊ ကိုက်လံတို့လို နိုက်ထရိတ်ကြွယ်ဝတဲ့ ဟင်းရွက်များ စားပြီးနောက် ပီကေဝါးပေးခြင်းဖြင့် သွေးပေါင်ချိန် ကျစေနိုင်တဲ့ အစွမ်းသတ္တိများ ယာယီမြှင့်တင်ပေးနိုင်မယ်လို့ ကင်းစ်ကောလိပ်လန်ဒန်မှ လေ့လာချက်အသစ်မှာ ဖော်ပြထားပါတယ်။
■ သကြားမုန်လာဖျော်ရည် သောက်ပြီးနောက် အချိုဓာတ်ပါတဲ့ပီကေ ဝါးတဲ့သူတွေဟာ အချိုမပါတဲ့ပီကေ ဝါးသူတွေထက် နိုက်ထရိုက်ပမာဏ ပိုများပြီး သွေးပေါင်ချိန် အသင့်အတင့် လျော့ကျသွားတယ်လို့ တွေ့ရှိခဲ့ကြပါတယ်။
■ ဟင်းရွက်တွေထဲက နိုက်ထရိတ်တွေကို ပါးစပ်ထဲက ဘက်တီးရီးယားက နိုက်ထရိုက်အဖြစ်သို့ ပြောင်းလဲပေးကာ သွေးကြောတွေ ကျယ်စေပြီး သွေးလည်ပတ်မှု ကောင်းမွန်စေပါတယ်။
■ ဒီနေရာမှာ တံတွေးရဲ့ အက်ဆစ်ဓာတ်အချိုးအစားက အရေးပါတဲ့ကဏ္ဍက ပါဝင်နေပါတယ်။
■ ယခင်သုတေသနအရ ဂရိပ်ဖရုဖျော်ရည်ဆိုရင် တံတွေးရဲ့ အက်ဆစ်ပါဝင်မှုကို လျော့နည်းစေကာ နိုက်ထရိတ်ပြောင်းလဲမှုကို နှေးစေပြီး အက်ဆစ်များရင်တော့ ပြောင်းလဲမှု မြန်စေမှာပါ။
■ လေ့လာမှုပြုလုပ်ရာမှာ ကျန်းမာသန်စွမ်းသူတွေကို သကြားမုန်လာဖျော်ရည် တစ်ခွက်သောက်စေပြီး အချိုပါတဲ့ ပီကေစားခြင်းနဲ့ အချိုမပါတဲ့ ပီကေစားခြင်းကို ၃ နာရီကနေ ၆ နာရီကြာအောင် ဝါးစေပါတယ်။
■ အချိုပါတဲ့ပီကေဝါးခြင်းက တံတွေးအက်ဆစ်ဓာတ်ကို များစေကာ နိုက်ထရိုက်ပမာဏ မြင့်တက်စေပြီး အပေါ်သွေး ၃ မီလီမီတာမာကျူရီ၊ အောက်သွေး ၂ မီလီမီတာမာကျူရီခန့် ကျဆင်းစေပါတယ်။
■ သွေးပေါင်ချိန်ကျစေခြင်းက နာရီအနည်းငယ်သာခံပြီး အချိုတွေ ပုံမှန်စားတဲ့အခါ ခံတွင်းနဲ့ ဇီဝကမ္မကျန်းမာရေးတို့ ထိခိုက်စေနိုင်ပါတယ်။
■ ဒါပေမဲ့ ပါးစပ်ထဲက အက်ဆစ်ဓာတ်ပြောင်းလဲခြင်းက နိုက်ထရိတ်ပြောင်းလဲပုံကို လွှမ်းမိုးနေတယ်ဆိုတဲ့ အထောက်အထား ပြနိုင်ခဲ့ပါတယ်။
Source: India Today