၁၈ စက်တင်ဘာ ၂၀၂၄

လက်ဘနွန်နိုင်ငံမှာ ပေဂျာ pager လို့ခေါ်တဲ့ အချက်ပြဆက်သွယ်ရေးကိရိယာတွေ ပေါက်ကွဲမှုဖြစ်ပြီး လူ ၁၂ ဦးသေဆုံးကာ ဟက်ဇ်ဘိုလာလုပ်သား ထောင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့ပါတယ်။

အဆိုပါတိုက်ခိုက်မှုကြောင့် အီရန်ကျောထောက်နောက်ခံပြု ဟက်ဇ်ဘိုလာအဖွဲ့နှင့် အဓိကရန်သူတော် အစ္စရေးတို့အကြား အပြည့်အဝစစ်ပွဲတစ်ခုဖြစ်လာမယ့် အလားအလာတွေရှိလာပါတယ်။

အဲဒီပေဂျာစက်တွေကို ထိုင်ဝမ်ပေဂျာကုမ္ပဏီ Gold Apollo ကထုတ်လုပ်တယ်ဆိုတာနှင့်ပတ်သက်ပြီး ကုမ္ပဏီက ငြင်းဆို လိုက်ပါတယ်။ အဲဒီပေဂျာတွေဟာ သူတို့ရဲ့ လိုင်စင်အောက်မှာ ဟန်ဂေရီမြို့တော် ဘူဒါပက်စ်အခြေစိုက် BAC က ထုတ်လုပ်တာသာဖြစ်တယ်လို့ပြောဆိုလိုက်ပါတယ်။

နိုင်ငံခြားမြေပေါ်မှာ ခေတ်မီဆန်းပြားတဲ့ တိုက်ခိုက်မှုမျိုးစုံနှင့် တိုက်ခိုက်ရာမှာ ရာဇဝင်ရှိခဲ့တဲ့ အစ္စရေး စပိုင်အဖွဲ့ မောဆက်က ပေဂျာတွေရဲ့အတွင်းမှာ ပေါက်ကွဲပစ္စည်းတွေထည့်သွင်းခဲ့တာဖြစ်တယ်လို့ လက်ဘနွန်လုံခြုံရေးအရင်းအမြစ်တွေနှင့် အခြား အရင်းအမြစ်တွေက ရိုက်တာသတင်းဌာနကိုပြောပါတယ်။ အဆိုပါပေဂျာတွေဟာ လများစွာကတည်းက ဟက်ဇ်ဘိုလာအဖွဲ့က တင်သွင်းထားတာဖြစ်ပါတယ်။

သေဆုံးသူ ၁၂ဦးထဲမှာ ကလေးငယ်နှစ်ဦး ပါဝင်တယ်လို့ လက်ဘနွန်ကျန်းမာရေးဝန်ကြီး ဖီရပ်စ်အာဘီယတ်က ပြောပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် ဟက်ဇ်ဘိုလာတိုက်ခိုက်ရေးသမား အများအပြားနှင့် လက်ဘနွန်ဆိုင်ရာ အီရန်သံအမတ်ကြီးအပါအဝင် လူပေါင်း ၃၀၀၀ ခန့်နီးပါး ဒဏ်ရာရရှိသွားပါတယ်။  အီရန်ကျောထောက်နောက်ခံပြုထားတဲ့ ဟက်ဇ်ဘိုလာအဖွဲ့က အစ္စရေးကို လက်တုန့်ပြန်မယ်လို့ ကတိပြုလိုက်ပါတယ်။ ဒါပေမယ့် အစ္စရေးစစ်တပ်ကတော့ ပေါက်ကွဲ မှုအပေါ် မှတ်ချက်ပေးဖို့ ရိုက်တာသတင်းဌာနကိုငြင်းဆန်ပါတယ်။

ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီးအာမန်ဆာဖာဒီက အစ္စရေးနိုင်ငံသည် မျက်နှာစာများစွာတွင် အန္တရာယ်များလှသော အရှိန်မြှင့် လုပ်ဆောင်မှုများလုပ်ဆောင်ခြင်းဖြင့် အရှေ့အလယ်ပိုင်းတွင် ဒေသဆိုင်ရာ စစ်ပွဲတစ်ခုဖြစ်လုနီးပါး အခြေအနေတစ်ခုကို တွန်းပို့နေတယ်လို့ ဝေဖန်ပြောကြားပါတယ်။

ယခုလို ကြံစည်မှုဟာ လပေါင်းများစွာကတည်းက ကြိုတင်ဆောင်ရွက်ခဲ့ပုံရတယ်လို့ သတင်းအရင်းအမြစ်များစွာက ရိုက်တာကို ပြောပါတယ်။

သူတို့ဟာ Gold Apollo  ကနေ ပေဂျာ ၅၀၀၀ ခု မှာယူခဲ့တယ်လို့ လက်ဘနွန်လုံခြုံရေး အကြီးတန်းအရင်းအမြစ်တစ်ခုက ပြောပြပါတယ်။  ယခုနှစ်စောစောပိုင်းမှာ အဲဒီပေဂျာတွေ လက်ဘနွန်ကို ရောက်ရှိလာတာဖြစ်ပါတယ်။

ဒီပစ္စည်းတွေက ကျွန်တော်တို့ထုတ်တာမဟုတ်ဘူး။ ကျွန်တော်တို့တံဆိပ်တပ်ထားတာ လို့ အဲဒီကုမ္ပဏီက ပြောပါတယ်။

အဲဒီပေဂျာဟာ AR-924 အမျိုးအစားဖြစ်ပြီး ဟက်ဇ်ဘိုလာတိုက်ခိုက်ရေးသမားတွေဟာ အစ္စရေးခြေရာခံလိုက်လို့မရအောင် အတွက် ပေဂျာတွေသုံးခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီပေဂျာတွေကို အစ္စရေးထောက်လှမ်းရေးက ထုတ်လုပ်နေတဲ့အဆင့်မှာတင် ပြုပြင်ပြောင်းလဲခဲ့တာလို့ အကြီးတန်း လက်ဘနွန်အရင်းအမြစ်ကပြောပါတယ်။

“ မောဆက်ဟာ  ကိရိယာအတွင်းကို ဘုတ်ပြားတစ်ခုစိုက်ခဲ့တယ်။ အဲဒါက ကုတ်ဒ်သင်္ကေတတစ်ခုဝင်လာရင် ပေါက်ကွဲအောင် လုပ်ပေးထားတာဖြစ်တယ်” လို့ သူကဆက်ပြောပါတယ်။

ပေဂျာထဲမှာ ပေါက်ကွဲပစ္စည်း (၃)ဂရမ်အထိသာ ထည့်ထားလို့ လပေါင်းများစွာအထိ ဟက်ဇ်ဘိုလာတွေ မသိရှိခဲ့တာပါ။

အစ္စရေးရဲ့ မောဆက်ဟာ အဲဒီလိုရှုပ်ရှုပ်ထွေးထွေးစစ်ဆင်ရေးတွေမှာ နာမည်ကျော်ပါတယ်။ ၁၉၆၀ပြည့်နှစ်တုန်းက သူဟာ နာဇီထိပ်တန်းအရာရှိ အက်ဒေါ့အိုက်မန်းကို အဓ္ဓမခေါ်ယူခဲ့တာမျိုးရှိခဲ့ပါတယ်။ ၂၀၂၀ပြည့်နှစ်တုန်းကလည်း ဆိုက်ဘာတိုက်ခိုက်မှုနှင့် အီရန်ရဲ့ထိပ်တန်းသိပ္ပံပညာရှင်တစ်ဦးကို အဝေးထိန်းစက်သေနတ်ဖြင့် သတ်ဖြတ်မှုမှာ မောဆက်ကို အပြစ်တင်ခဲ့ကြပါတယ်။

Source Reuters