၁၉ နိုဝင်ဘာ ၂၀၂၄

Miss Grand India အဖွဲ့အစည်းက Miss Grand International (MGI)အဖွဲ့အစည်းကြီးနှင့် ရပ်တည်ချက်ခြင်းမတူ၍ MGI နှင့် ဆက်သွယ်ဆောင်ရွက်မှု ဖြတ်တောက်ရပ်ဆိုင်းလိုက်ပြီလို့ နိုဝင်ဘာ ၁၇ ရက်က သတင်းထုတ်ပြန်ပါတယ်။

“ အသေအချာစဉ်းစားပြီးတဲ့နောက် MGI နှင့် လမ်းခွဲဖို့ ကျွန်တော်တို့ဆုံးဖြတ်လိုက်ပါတယ်။  ဒီကာလမှာ သူတို့ရဲ့ ရည်မှန်းချက်နှင့်ပန်းတိုင်ဟာ ကျွန်တော်တို့နှင့် မတူခြားနားတာတွေ့ရလို့ ယခုလိုဆုံးဖြတ် လိုက်ခြင်းဖြစ်ပါတယ်။ ဒီလိုဆုံးဖြတ်လိုက်တဲ့အတွက် ကျွန်တော်တို့ဟာ စိတ်လှုပ်ရှားစရာကောင်းတဲ့ ရင်းနှီးမြှပ်နှံမှုတွေနှင့် စလှုပ်ရှားနေပြီးဖြစ်တဲ့ ပရောဂျက်တွေကို အာရုံစိုက်လာနိုင်တော့မှာဖြစ်ပြီး အဲဒါ တွေဘာတွေလဲဆိုတာ မကြာမီထုတ်ပြောပါမယ်” လို့ Miss Grand India အဖွဲ့အစည်းရဲ့ Glamanand Entertainment Pvt. Ltd ဥက္ကဋ္ဌ နစ်ဟီလ်အာနန်က ပြောပါတယ်။

“ သစ္စာရှိခြင်းဟာ ကျွန်တော်တို့တန်ဖိုးရဲ့ အခြေခံအုတ်မြစ်အဖြစ်ဆက်ရှိနေပါမယ်။  အဲဒါကပဲ အခုလိုဆုံး ဖြတ်ဖို့ ဖြစ်လာရတာပါ။ ကျွန်တော်တို့ဟာ ယုံကြည်မှု၊ ပေါင်းစည်းမှုနှင့် ရေရှည်ဆက်ဆံရေးကို ဆက်လက်ဦးစားပေးဆောင်ရွက်သွားပါမယ်” လို့ သူကဖြည့်စွက်ပြောပါတယ်။

သူတို့ဟာ MGI နှင့်လမ်းခွဲခဲ့ပေမယ့် ရေချယ်ဂူပတာကို ယခုနှစ် Miss Grand International 2024

အဖြစ် အိန္ဒိယရဲ့ ပထမဦးဆုံးသော ရွှေသရဖူကို အိန္ဒိယသို့ ဆောင်ကြဉ်းလာနိုင်တာကို ဂုဏ်ယူတယ် လို့ ပြောပါတယ်။

“ရေချယ်ရေ မင်းဟာ တို့တွေအားလုံးအတွက် ထာဝရ ဘုရင်မပါ။ မင်းရဲ့ အောင်မြင်မှုဟာ တို့နိုင်ငံအတွက် သမိုင်းဝင်မှတ်တိုင်ပါ။ တို့တွေမင်းနှင့်အတူရပ်တည်ပြီး မင်းရဲ့သရဖူဆောင်းကာလတလျောက်လုံး မင်းကို ကူညီသွားမယ်” လို့လည်းပြောပါတယ်။

 ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ ရက်က ထိုင်းမှာကျင်းပတဲ့ Miss Grand International 2024 ပွဲမှာ အိန္ဒိယမယ် ရေချယ်က သရဖူဆောင်းခဲ့တာဖြစ်ပါတယ်။

မြန်မာအလှမယ်သဲစုငြိမ်းက 2nd runner up (တတိယနေရာ) ရရှိခဲ့ပေမယ့် ဆုယူအပြီး ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ် အချို့ကြောင့် ဆုကို MGI ကပြန်ရုပ်သိမ်းကြောင်းကြေညာခဲ့ပါတယ်။