၂၂ ဖေဖော်ဝါရီ၊၂၀၂၆

ပြီးခဲ့တဲ့ စနေနေ့က အီရန်နိုင်ငံဟာ အမျိုးသားစည်းလုံးညီညွတ်မှုကို ထိန်းသိမ်းသွားမယ်လို့ ကတိပြုခဲ့  သလို၊ ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင် နိုင်ငံတွေရဲ့ ရေတပ်နဲ့ လေတပ်တွေကိုလည်း အကြမ်းဖက်  အဖွဲ့ အစည်းတွေအဖြစ် သတ်မှတ်လိုက်ပါတယ်။ ဒီလိုလုပ်ဆောင်လာတာဟာ အမေရိကန် သံတမန်တစ်ဦးရဲ့ အငြင်းပွားဖွယ်ရာ စကားတွေအပေါ် အာရပ်နိုင်ငံတွေကြားမှာ ပြစ်တင်ရှုတ်ချမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

တီဟီရန်မြို့မှာလုပ်တဲ့ အစည်းအဝေးတစ်ခုမှာ အီရန်သမ္မတ မာဆွတ် ပီဇက်ရှ်ကီယန် က အမေရိကန်နဲ့ နျူကလီးယားစေ့စပ်ဆွေးနွေးမှုတွေ လုပ်နေချိန်အတွင်း ပြင်ပဖိအားတွေကို အီရန်အနေနဲ့ ဒူးထောက်  အလျှော့ပေးမှာ မဟုတ်ဘူးလို့ ပြတ်ပြတ်သားသား ပြောခဲ့ပါတယ်။ ဘယ်လိုအခက်အခဲမျိုးကိုမဆို အရှုံး  မပေးဘဲ ရင်ဆိုင်သွားမယ်လို့ သူက ဆိုပါတယ်။ ဒါ့အပြင် ပြည်သူတွေအနေနဲ့လည်း သဘောထား   ကွဲလွဲမှုတွေကို ဘေးဖယ်ထားပြီး စည်းစည်းလုံးလုံး နေထိုင်ကြဖို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်။ အခုလို သမ္မတရဲ့ ပြောဆိုမှုတွေဟာ အရှေ့အလယ်ပိုင်းမှာ အမေရိကန်က စစ်အင်အားတွေ တိုးချဲ့ချထား လာတာ  ရယ်၊ ဝါရှင်တန်နဲ့ တီဟီရန်အကြား နျူကလီးယားနဲ့ ပိတ်ဆို့မှုရုပ်သိမ်းရေး ဆွေးနွေးပွဲ နှစ်ကြိမ် လုပ်ပြီး  နောက်မှာ ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။

EU တပ်တွေကို အခုလို အကြမ်းဖက်အဖွဲ့အဖြစ် အီရန်က သတ်မှတ်လိုက်တာဟာ မကြာသေးခင်က အီရန်ရဲ့ အစ္စလာမ္မစ်တော်လှန်ရေး အစောင့်တပ်ဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် EU က သတ်မှတ်  ခဲ့တဲ့  အပေါ် တုံ့ပြန်လိုက်တာဖြစ်တယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။ EU ရဲ့ အဲဒီဆုံးဖြတ် ချက်ဟာ တရားမဝင်သလို ကုလသမဂ္ဂ ပဋိညာဉ်နဲ့ နိုင်ငံတကာဥပဒေတွေကိုလည်း ဆန့်ကျင်နေတယ်လို့ သူတို့က ထောက်ပြထားပါတယ်။

တစ်ချိန်တည်းမှာပဲ ဒေသတွင်း တင်းမာမှုတွေ မြင့်တက်နေချိန် အစ္စရေးနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မိုက်ခ် ဟပ်ကာဘီ က သောကြာနေ့ အင်တာဗျူးတစ်ခုမှာ အစ္စရေးအနေနဲ့ အရှေ့အလယ်  ပိုင်းတစ်ခုလုံး (ဒါမှမဟုတ် နေရာအများစု) ကို ထိန်းချုပ်ဖို့ "သမ္မာကျမ်းစာဆိုင်ရာ အခွင့်အရေး" ရှိတယ်  လို့ ပြောလိုက်ပါတယ်။ ဒီစကားတွေကြောင့် အာရပ်နိုင်ငံတွေကြားမှာ အကြီးအကျယ် ပြစ်တင်ရှုတ်ချမှု  တွေ ထွက်ပေါ်လာခဲ့ပါတယ်။

ဒီမှတ်ချက်တွေကို အာရပ်အဖွဲ့ချုပ်က "အလွန်အမင်း အစွန်းရောက်တယ်" လို့ ဝေဖန်ခဲ့ပြီး၊ အထွေထွေ  အတွင်းရေးမှူးချုပ် Ahmed Aboul-Gheit ကလည်း ဒါဟာ ယုတ္တိမတန်ဘဲ သံတမန်ရေးရာ စံနှုန်းတွေနဲ့ မကိုက်ညီဘူးလို့ ပြောပါတယ်။ နိုင်ငံတွေက ဂါဇာအပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်း  နေချိန်မှာ ဒီလိုပြောတာဟာ ဘာသာရေးနဲ့ အမျိုးသားရေးခံစားချက်တွေကို သွေးထိုးလှုံ့ဆော်ဖို့လောက်ပဲ အသုံးဝင်တယ်လို့ သူက ဆိုပါတယ်။

အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ဒီမှတ်ချက်တွေအပေါ် အလွန်တရာ အံ့သြမိကြောင်းနဲ့ ဒါဟာ နိုင်ငံတကာဥပဒေတွေကို ဗြောင်ကျကျ ချိုးဖောက်တာဖြစ်တယ်လို့ ပြောပါတယ်။ ဆော်ဒီနိုင်ငံခြား   ရေးဝန်ကြီးကလည်း ဟပ်ကာဘီရဲ့ ပြောဆိုချက်တွေဟာ ဒေသတွင်းနိုင်ငံတွေကို ရန်စတာဖြစ်ပြီး နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတာကြောင့် ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်လာ နိုင်တယ်လို့ အဲဒီနေ့မှာပဲ သတိပေး ပြောကြားသွားခဲ့ပါတယ်။

အရင်းအမြစ်-ဆင်ဟွာ