Published_ 7 September 2023

တရုတ်နိုင်ငံက Apple ကုမ္ပဏီထုတ် iPhone တွေနဲ့ အခြားနိုင်ငံခြားအမှတ်တံဆိပ်ဖုန်းများကို လုပ်ငန်းခွင်မှာ အသုံးမပြုရန်နဲ့ ရုံးခန်းသို့ ယူဆောင်မလာရန် ဗဟိုအစိုးရလုပ်ငန်းများမှ အရာရှိများကို အမိန့်ပေးလိုက်ကြောင်း ထိုကိစ္စနဲ့ နီးစပ်သူတွေထံမှ ပြောကြားချက်ကို ဝေါလ်စထရိဂျာနယ်က ဗုဒ္ဓဟူးနေ့မှာ ဖော်ပြခဲ့ပါတယ်။

ဒီအမိန့်တွေကို အထက်လူကြီးတွေက မကြာသေးမီရက်များအတွင်း သက်ဆိုင်ရာဝန်ထမ်းများထံ ပေးခဲ့တာဖြစ်ပြီး ဘယ်လောက်အထိ ကျယ်ကျယ်ပြန့်ပြန့် အမိန့်ချမှတ်ထားလဲဆိုတာ သေချာမသိရသေးပါဘူး။

အခုလို တားမြစ်မိန့်ဟာ လာမယ့်ရက်သတ္တပတ် Apple ပြပွဲကြီးတစ်ခု မပြုလုပ်ခင်မှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

တရုတ်-အမေရိကန် တင်းမာမှုမြင့်မားနေတဲ့အတွက် တရုတ်နိုင်ငံမှာ လည်ပတ်နေတဲ့ နိုင်ငံခြားကုမ္ပဏီများမှာလည်း စိုးရိမ်နေကြရပါတယ်။

တရုတ်က နိုင်ငံခြားနည်းပညာများအပေါ် မှီခိုမှုကို လျှော့ချရန် ကြိုးစားနေရာ ဆယ်စုနှစ်တစ်ခုကျော် ကြာပြီဖြစ်ပြီး ဘဏ်လိုမျိုး ပြည်တွင်းလုပ်ငန်းတွေမှာ ပြည်တွင်းထုတ်ဆော့ဖ်ဝဲကို ပြောင်းလဲအသုံးပြုရန်နဲ့ ပြည်တွင်းထုတ် ဆားကစ်ပြားထုတ်လုပ်မှုတို့ကို မြှင့်တင်ဆောင်ရွက်ရန် တောင်းဆိုထားပါတယ်။

တရုတ်က သူတို့ရဲ့ ဒေတာလုံခြုံရေး စိုးရိမ်မှုပြဿနာ ကြီးထွားလာတဲ့အတွက် နိုင်ငံခြားဈေးကွက်နဲ့ နည်းပညာများအပေါ် မှီခိုအားထားမှုကို လျှော့ချကာ ပြည်တွင်း၌ပင် လည်ပတ်ဖွံ့ဖြိုးရေးပုံစံကို ခေါင်းဆောင်များက ၂၀၂၀ မှာ ချပြခဲ့ပါတယ်။

နည်းပညာပိုင်းမှာ ကိုယ်တိုင်အားထားနိုင်ရန် နိုင်ငံပိုင်လုပ်ငန်းစုကြီးများ အဓိကပါဝင်အားစိုက်ထုတ်ပေးဖို့ မေလက တိုက်တွန်းခဲ့ပါတယ်။

ဆားကစ်ပြားစက်မှုလုပ်ငန်း ဆက်လက်ယှဥ်ပြိုင်နေနိုင်ရန် တရုတ်အတွက် လိုအပ်တဲ့ပစ္စည်းများ ရယူသုံးစွဲခွင့်ကို အမေရိကန်နဲ့ မဟာမိတ်နိုင်ငံများက ပိတ်ဆို့လိုက်တဲ့အတွက် တရုတ်-အမေရိကန် တင်းမာမှုမြင့်တက်နေပြီး တရုတ်ဘက်ကလည်း အမေရိကန်မှ အထင်ကရလုပ်ငန်းများဖြစ်တဲ့ လေယာဥ်ထုတ်လုပ်ရေး ဘိုးအင်းကုမ္ပဏီ၊ ဆားကစ်ပြားကုမ္ပဏီ မိုက်ခရွန်တက်ခ်နော်လော်ဂျီတို့လို လုပ်ငန်းများမှ တင်ပို့မှုများကို ပိတ်ပင်တားမြစ်လိုက်ပါတယ်။

တရုတ်မှာ ရင်းနှီးမြှုပ်နှံပြီး လုပ်ကိုင်ရတာဟာ ဒဏ်ကြေးဆောင်ရတာတွေ၊ ဝင်ရောက်စီးနင်းမှုတွေ၊ အခြားလုပ်ရပ်များကြောင့် စီးပွားရေးလုပ်ကိုင်ရတာ အလွန်အန္တရာယ်များလာတယ်လို့ အမေရိကန်ကုမ္ပဏီတွေက တိုင်ကြားလာကြကြောင်း အမေရိကန်စီးပွားကူးသန်းဝန်ကြီး ဂျီနာရေမွန်ဒိုက ပြီးခဲ့တဲ့ရက်သတ္တပတ် တရုတ်ကို လာရောက်လည်ပတ်စဥ် ပြောကြားခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ တရုတ်စမတ်ဖုန်းထုတ်လုပ်ရေး ဟွာဝေးကုမ္ပဏီ၊ တစ်တော့တို့ကို ပိတ်ပင်လိုက်သလိုမျိုး တရုတ်ကလည်း အလားတူပိတ်ပင်မှုမျိုး ချမှတ်လိုက်တာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံဟာ Apple အတွက် ဈေးကွက်အကြီးမားဆုံးတွေထဲက တစ်နေရာဖြစ်ပြီး  ထိုကနေ ဝင်ငွေ ၅ ပုံ ၁ ပုံခန့်နီးပါး ရရှိထားပါတယ်။
Source: NDTV
#World_News
#YMG #Yangon_Times