#World_Health
Published 27 January 2023

 

လက်သည်းအလှဆင်ရာမှာ အသုံးပြုတဲ့ ခရမ်းလွန်ရောင်ခြည်ပါ လက်သည်းအခြောက်ခံ ပစ္စည်းကိရိယာတွေဟာ ယခင်ကထင်ထားတာထက်ပိုပြီး ကျန်းမာရေးအတွက် စိုးရိမ်စရာဖြစ်နိုင်ပါတယ်။

 

ဆန်ဒီယေဂို ကယ်လီဖိုးနီးယားတက္ကသိုလ်မှ သုတေသီများက အဆိုပါ ခရမ်းလွန်ရောင်ခြည်ထွက် ကိရိယာများကို လေ့လာရာမှာ ဆဲလ်သေဆုံးခြင်းဖြစ်စေပြီး ကင်ဆာဖြစ်စေတဲ့ ဆဲလ်ဗီဇပြောင်းလဲမှုများ ဖြစ်စေနိုင်တယ်လို့ တွေ့ရှိခဲ့ကြပါတယ်။

 

ထိုကိရိယာတွေကို လက်သည်းအလှပြင်ဆိုင်တွေမှာ အများဆုံးတွေ့ရပြီး များသောအားဖြင့် ခရမ်းလွန်ရောင်ခြည်ထဲက ၃၄၀-၃၉၅ နာနိုမီတာရှိတဲ့ ရောင်စဉ်တစ်မျိုးကို အသုံးပြုကာ ဓာတုပစ္စည်းများခြောက်သွေ့စေတာ ဖြစ်ပါတယ်။

 

နေရောင်ကဲ့သို့အလင်းဓာတ်ပေးတဲ့ အိပ်ရာတွေမှာ ခရမ်းလွန် ရောင်ခြည် အမျိုးမျိုးအသုံးပြုထားကာ ကင်ဆာဖြစ်နိုင်တယ်လို့ တွေ့ရှိထားပေမယ့် လက်သည်းနီခြောက်စက်တွေထဲက ရောင်စဉ်တွေကိုတော့ မလေ့လာခဲ့ကြပါဘူး။

 

စက်ပစ္စည်းတွေကို ထုတ်လုပ်တဲ့နေရာမှာတော့ ဘေးကင်းစိတ်ချရပြီး စိုးရိမ်စရာမရှိဘူးလို့ ရောင်းချကြပါတယ်။

 

လူ့အရေပြားမှ ဆဲလ်လမ်းကြောင်း ၃ မျိုးကိုလေ့လာရာမှာ အဆိုပါ ခရမ်းလွန်ရောင်ခြည်ပစ္စည်းတွေကို မိနစ် ၂၀ ကြာဆက်ရှင်ခန့် အသုံးပြုခြင်းဖြင့် ဆဲလ် ၂၀ မှ ၃၀ ရာခိုင်နှုန်းသေဆုံးစေကြောင်း ကယ်လီဖိုးနီးယားမှ သုတေသီများတွေ့ရှိခဲ့ကြပါတယ်။

 

ဆက်ရှင် ၃ ခုဆက်တိုက်ထိတွေ့နေရင်တော့ ဆဲလ်တွေ ၆၅ မှ ၇၀ ရာခိုင်နှုန်းအထိ သေဆုံးနိုင်ပါတယ်။

 

အရင်ဆုံး DNA ထိခိုက်ကြောင်း၊ DNA အချို့က အချိန်မီ ပြုပြင်နိုင်ခြင်းမရှိကာ လက်သည်းနီခြောက်စက်နဲ့ ထိတွေ့ပြီးတော့ ဗီဇဆင့်ကဲပြောင်းလဲသွားကြောင်း၊ ဒီနောက် ကင်ဆာလူနာတွေမှာ တွေ့ရတဲ့ပုံစံနဲ့ တူညီစွာတွေ့ရကြောင်း ဇီဝအင်ဂျင်နီယာနှင့် မော်လီကျူးဆိုင်ရာ ပရော်ဖက်ဆာ'အဲလက်ဇန်ဒရော့ဗ်'က ပြောပြသွားပါတယ်။

 

သူ့ရဲ့ဓာတ်ခွဲခန်းမှ ဒေါက်တာ'မာရီယာဇီဗာဂီ'က အစက လက်သည်းအလှဆင်ခြင်းကို ဝါသနာပါပေမယ့် အခုလို တွေ့ရှိပြီးနောက် အသုံးမပြုတော့ပါဘူး။

 

တစ်နှစ်တစ်ခါလောက်မှ လက်သည်းအလှဆင်တဲ့သူတွေကကော စိုးရိမ်စရာရှိလားဆိုတာကတော့ စဉ်းစားစရာရှိနေပါတယ်။

 

သုတေသနအရတော့ ခရမ်းလွန်ရောင်ခြည်သုံး လက်သည်းဆိုးဆေးခြောက်စက်တွေကနေ ထွက်တဲ့ရောင်ခြည်ဟာ လက်မှာကင်ဆာဖြစ်နိုင်ကာ ကင်ဆာအစောပိုင်းဖြစ်နိုင်ချေ မြင့်မားစေပါတယ်။

 

ခရမ်းလွန်ရောင်ခြည်ပါတဲ့ အခြားအလှကုန်ပစ္စည်းတွေထဲမှာ သွားဖာခြင်း၊ ဆံပင်ချွတ်ဆေးတို့မှာ အသုံးပြုတဲ့ကိရိယာတွေ ပါဝင်ပါတယ်။

 

Source: The Jerusalem Post
#Yangon_Media_Group