#World_News
Published 21 December 2024


▪️ သောကြာနေ့ ညနေခင်းက ဂျာမနီအလယ်ပိုင်းရှိ ခရစ္စမတ်ဈေးပွဲတော်တစ်ခုမှာ ကားတစ်စီးက လူအုပ်ကြီးထဲ ဝင်တိုက်သဖြင့် အနည်းဆုံး လူ ၂ဦးသေဆုံးပြီး ၆၀ ကျော်ဒဏ်ရာရရှိခဲ့ကာ ယာဉ်မောင်းကို ဖမ်းဆီးခဲ့တယ်လို့ အာဏာပိုင်များက ပြောပါတယ်။

▪️ ဘာလင်မြို့အနောက်ဘက် မိုင် ၉၀ ခန့်မှာရှိတဲ့ မက်ဂ်ဒီဘာ့ဂ်မြို့မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးသူတစ်ဦးက ကလေးငယ်ဖြစ်နေတယ်လို့ ဆက်ဆိုနီ-အန်ဟော့ပြည်နယ် ဝန်ကြီးချုပ် ရိန်နာဟက်ဆယ်လော့ဖ်က ပြောပါတယ်။

▪️ ဒါဟာ မက်ဂ်ဒီဘာ့ဂ်အတွက်ရော၊ ပြည်နယ်အတွက်ရော၊ ဂျာမနီအတွက်ပါ ဖြစ်ရပ်ဆိုးကြီးတစ်ခု ဖြစ်တယ်လို့ ပြောသွားကာ ဒဏ်ရာရသူအချို့ရဲ့ ပြင်းထန်မှုအရ သေဆုံးသူအရေအတွက် ထပ်မံတိုးလာနိုင်တယ်လို့ သိရပါတယ်။

▪️ ယာဉ်မောင်းဖြစ်သူဟာ အသက် ၅၀ အရွယ် အမျိုးသားဆရာဝန်ဖြစ်ပြီး ဆော်ဒီအာရေဗျကနေ ဂျာမနီမှာ နိုင်ငံသားခံယူကာ ဆယ်စုနှစ် ၂ ခုလောက် နေထိုင်လာသူ ဖြစ်ပါတယ်။

▪️ ယခုအခြေအနေတွေအရ တစ်ဦးတည်း ကျူးလွန်သူဖြစ်နေပြီး ဖမ်းဆီးထားပြီဖြစ်တဲ့အတွက် အန္တရာယ်ထပ်မဖြစ်နိုင်တော့ဘူးလို့ ပြောသွားပါတယ်။

▪️ ဝင်တိုက်ရတဲ့ ရည်ရွယ်ချက်ကို မသိရသေးဘဲ ဂျာမနီအာဏာပိုင်တွေ သိသလောက်တော့ တရားခံဟာ အစ္စလာမ်အဖွဲ့ဝင် မဟုတ်ဘူးလို့ ဒေသတွင်းရုပ်သံဌာန MDRက ဖော်ပြပါတယ်။

▪️ ဆော်ဒီက တရားခံအကြောင်း ဂျာမနီအာဏာပိုင်များကို သတိပေးခဲ့ကာ သူ့ရဲ့ Xဆိုရှယ်မီဒီယာ အကောင့်မှာ အစွန်းရောက်အမြင်တွေ တင်ထားတယ်လို့ သတင်းရင်းမြစ်တစ်ခုက ဆိုပါတယ်။

▪️ ဆော်ဒီအာရေဗျ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီတိုက်ခိုက်မှု ရှုတ်ချလိုက်ပါတယ်။

▪️ အခင်းဖြစ်ပွားရာနေရာမှာ ပေါက်ကွဲရေးပစ္စည်းများ ရှိနိုင်မလားဆိုပြီး ရဲတွေက ရှင်းလင်းရှာဖွေခဲ့ပေမယ့် မတွေ့ရှိရပါဘူး။

▪️ တရားခံနေထိုင်ဖွယ်ရှိတယ်လို့ ယူဆရတဲ့ ဘန်းဘာ့ဂ်မြို့မှာ ရဲတွေစုံစမ်းစစ်ဆေးနေကြပါတယ်။

▪️ ဂျာမနီနိုင်ငံ့အကြီးအကဲ အိုလက်ဖ်ရှော့ဇ်က ထိခိုက်သူများနဲ့ ဆုံးရှုံးသွားရတဲ့ မိသားစုဝင်များအတွက် ပူဆွေးဝမ်းနည်းမိကြောင်း Xဆိုရှယ်မီဒီယာမှာ ဖော်ပြခဲ့ကာ စနေနေ့မှာ ထိုနေရာသို့ သွားရောက်ဖွယ်ရှိပါတယ်။

▪️ ပြည်ထဲရေးဝန်ကြီး နန်စီဖေဆာက ခရစ္စမတ်ဈေးပွဲတော်တွေဟာ အစွန်းရောက်တိုက်ခိုက်မှု ပစ်မှတ်တွေ ဖြစ်လာနိုင်တဲ့အတွက် အထူးသတိထားကြဖို့ ပြီးခဲ့တဲ့လက အကြံပြုခဲ့ပါသေးတယ်။

#Source: Reuters