#World_News

Published 20 February 2025


▪️ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်စကီကို အာဏာရှင်တစ်ဦးဆိုပြီး ဗုဒ္ဓဟူးနေ့က ရှုတ်ချလိုက်ကာ ငြိမ်းချမ်းရေးရရှိဖို့ အလျင်အမြန် မလှုပ်ရှားပါက တိုင်းပြည်ဆုံးရှုံးရနိုင်တယ်လို့ သတိပေးလိုက်ကာ ခေါင်းဆောင်နှစ်ဦးကြား ရန်ငြိုးရန်စ ပိုမိုနက်ရှိုင်းလာစေပါတယ်။

▪️ ဒီမတိုင်ခင်နေ့ကလည်း ထရမ့်ဟာ ၂၀၂၂ ရုရှားကျူးကျော်စစ်အတွက် ယူကရိန်းကို အပြစ်တင်ခဲ့ကာ ထရမ့်ရဲ့လမ်းစဉ်က စစ်ပွဲမှာ ရုရှားကိုအကျိုးဖြစ်စေနိုင်ဖွယ်ရှိတယ်လို့ ဥရောပမှ အမေရိကန်မဟာမိတ်များကြား စိုးရိမ်လာကြပါတယ်။

▪️ သမ္မတတာဝန်ယူတာ တစ်လခန့်သာ ရှိလာသေးတဲ့ထရမ့်က စစ်ပွဲအပေါ် အမေရိကန်မူဝါဒကို ပြောင်းပြန်လုပ်ပစ်နေပြီး ယူကရိန်းကို ဘေးဖယ်ထားကာ ထရမ့်နဲ့ပူတင် ဖုန်းခေါ်ဆိုမှု၊ အမေရိကန်နဲ့ ရုရှားအရာရှိများကြား ပြောဆိုမှုများ ပြုလုပ်လာပါတယ်။

▪️ ယခုထရမ့်ရှုတ်ချပြောဆိုတဲ့အပေါ် ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး အန်ဒရီဆဲဘီဟာက တိုင်းပြည်ကို ဘယ်သူမှ လက်လွှတ်အရှုံးပေးခိုင်းလို့ မရဘူးလို့ တုံ့ပြန်လိုက်ကာ တိုင်းပြည်အဖြစ် ရပ်တည်ပိုင်ခွင့်ကို ကာကွယ်သွားမယ်လို့ X ဆိုရှယ်မီဒီယာမှာ ပြောထားပါတယ်။

▪️ ဇယ်လန်စကီဟာ ၂၀၂၄ မှာ သမ္မတသက်တမ်း ၅ နှစ်ပြီးမြောက်ပြီ ဖြစ်ပေမယ့် စစ်အုပ်ချုပ်ရေးဥပဒေ ထုတ်ပြန်ချက်အရ ရွေးကောက်ပွဲတွေ မပြုလုပ်နိုင်ပါဘူး။

▪️ ယူကရိန်းတို့အနေနဲ့ စစ်ပွဲမစတင်ခဲ့သင့်ဘူးလို့ ပူတင်သတင်းမှားဖြန့်တဲ့အတိုင်း အမေရိကန်သမ္မတက သံယောင်လိုက်နေတယ်လို့ အင်္ဂါနေ့က ဇယ်လန်စကီပြောကြားခဲ့ပြီးနောက် ထရမ့်မှတုံ့ပြန်စွပ်စွဲလိုက်တာ ဖြစ်ပါတယ်။

▪️ ထရမ့်အကြောင်း လူသိရှင်ကြား မကောင်းပြောဖို့ ကြိုးစားတဲ့ ဇယ်လန်စကီအနေနဲ့ ဒီလိုမျိုး လုံးဝမပြောဆိုသင့်ဘူးလို့ အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်က ဇယ်လန်စကီကို သတိပေးလိုက်ပါတယ်။

▪️ ယူကရိန်းပြည်သူတွေရဲ့ ထောက်ခံမှု ၄ ရာခိုင်နှုန်းသာ ရှိတယ်ဆိုတာဟာ ရုရှားရဲ့ သတင်းမှားထုတ်လွှင့်ချက်သာဖြစ်တယ်လို့ ဇယ်လန်စကီက ဆိုလိုက်ကာ ဖေဖော်ဝါရီအစောပိုင်းက ကိဗ်နိုင်ငံတကာလူမှုရေးရာ အဖွဲ့အစည်းရဲ့ နောက်ဆုံးစစ်တမ်းမှာ ယူကရိန်း ၅၇ ရာခိုင်နှုန်းက ဇယ်လန်စကီကို ယုံကြည်နေကြပါတယ်။

▪️ အမေရိကန်ကွန်ဂရက်မှ ထရမ့်နောက်လိုက် ရီပတ်ဘလစ်ကန်အချို့က ဇယ်လန်စကီကို အာဏာရှင်လို့ ပြောတာကို လက်မခံချင်ကြပေမယ့် ထရမ့်ကိုလည်း တိုက်ရိုက်မဝေဖန်ကြပါဘူး။

#Source: Reuters