#World_News
Published 11 April 2025

▪️ ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့က တရားဝင်နေထိုင်ခွင့် မရှိတဲ့ ရွှေ့ပြောင်းနေထိုင်သူအချို့ကို ကွယ်လွန်ဆုံးပါးသူ အချက်အလက်စာရင်းထဲသို့ ထည့်သွင်းကာ နေရပ်ပြန်ရတဲ့ အခြေအနေဖြစ်လာအောင် ကြံရွယ်နေပြီး သူတို့ရဲ့ လူမှုဖူလုံရေးနံပါတ် (Social Security numbers)များ အသုံးပြုလို့မရအောင် လုပ်ဆောင်နေတယ်လို့ အစိုးရအရာရှိတစ်ဦးက ရိုက်တာသတင်းဌာနကို ပြောသွားပါတယ်။

▪️ ဘိုင်ဒင်အစိုးရလက်ထက်က အမေရိကန်သို့ တရားဝင် ဝင်ရောက်ခွင့်ရခဲ့တဲ့ ရွှေ့ပြောင်းနေထိုင်သူတွေဟာ ယာယီနေထိုင်ခွင့် ရုပ်သိမ်းခံရပြီးနောက် လူမှုဖူလုံရေးကွပ်ကဲရေးရဲ့ ကွယ်လွန်ဆုံးပါးသူစာရင်းထဲ ထည့်သွင်းခံလာရမှာ ဖြစ်ပါတယ်။

▪️ ဒါဟာ ပုံမှန်အားဖြင့် သေဆုံးပြီးနောက် လူမှုဖူလုံရေး ခံစားခွင့်များ ဆက်လက်မရရှိသင့်တော့တဲ့ သေဆုံးသူများကို ရှာဖွေသတ်မှတ်တာ ဖြစ်ပါတယ်။

▪️ လူမှုဖူလုံရေးနံပါတ်တွေဟာ အမေရိကန်မှာ အခွန်အသိအမှတ်ပြု နံပါတ်များအဖြစ် အသုံးပြုပြီး အစိုးရမှသတ်မှတ်တဲ့ ခံစားခွင့်များရရှိဖို့ လိုအပ်ပါတယ်။

▪️ ဒါ့အပြင် ဘဏ်အကောင့်ဖွင့်ခြင်း၊ ခရက်ဒစ်ကတ်လုပ်ခြင်း စတဲ့ ပုဂ္ဂလိကငွေကြေး လုပ်ဆောင်မှုတွေမှာလည်း အသုံးပြုပါတယ်။

▪️ ယခုလိုလုပ်ရတာဟာ ယင်းတို့ရဲ့ လူမှုဖူလုံရေးနံပါတ်များကို ဖျက်သိမ်းပြီး ငွေကြေးဝန်ဆောင်မှုတွေကနေ ဖြတ်တောက်ပြီးတော့ နေရပ်ပြန်သွားရအောင် ဖိအားပေးချင်တာ ဖြစ်တယ်လို့ New York Timesမှာ ဖော်ပြထားပါတယ်။

▪️ သမ္မတ ဒေါ်နယ်ထရမ့်က အရေးကြီးတဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်များ ကျယ်ပြန့်စွာ အသုံးပြုလာကာ အမေရိကန်မှာ နေထိုင်တဲ့ ရွှေ့ပြောင်းသူအရေအတွက် လျှော့ချဖို့ ဦးတည်လုပ်ဆောင်နေရာမှာ ယခုလို ကွယ်လွန်ဆုံးပါးသူစာရင်းထဲ ထည့်သွင်းခြင်းလည်း ပါဝင်လာပါတယ်။

▪️ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်ဌာနဲ့ တိုင်းပြည်လုံခြုံရေးဌာနတို့က အခွန်ပေးဆောင်သူ အချက်အလက်များကို ဖက်ဒရယ်လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်များထံသို့ ပေးအပ်ကာ ရွှေ့ပြောင်းနေထိုင်သူများကို ရှာဖွေနိုင်မယ့် သဘောတူညီချက်တစ်ခုကို တနင်္လာနေ့က အပြီးသတ်ခဲ့ကြပါတယ်။

#Source: Reuters