#World_News
Published 16 June 2025
▪️ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့က ခရီးသွားလာခွင့်ကန့်သတ်ချက်များ တိုးချဲ့ရန် စီစဉ်နေပြီး နောက်ထပ် ၃၆ နိုင်ငံမှ နိုင်ငံသားများကို အမေရိကန်သို့ ဝင်ရောက်ခွင့်ပိတ်ပင်သွားနိုင်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အတွင်းပိုင်းကြေးနန်းစာမှာ ဖော်ပြထားပါတယ်။
▪️ ယခုလအစောပိုင်းက ထရမ့်ဟာ နိုင်ငံ ၁၂ ခုမှ နိုင်ငံသားများကို ဝင်ရောက်ခွင့်ပိတ်ပင်တဲ့ ကြေညာချက်တစ်ခုမှာလည်း လက်မှတ်ရေးထိုးခဲ့ပြီး ဒါဟာ နိုင်ငံရပ်ခြား အကြမ်းဖက်သမားများနဲ့ နိုင်ငံ့လုံခြုံရေး ခြိမ်းခြောက်မှုရန်တွေမှ အမေရိကန်ကို ကာကွယ်ဖို့အတွက် ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
▪️ ထရမ့်ဟာ ဒုတိယအကြိမ် သမ္မတဖြစ်လာပြီးနောက် လူဝင်မှုကိစ္စတွေမှာ နှိမ်နင်းလျက်ရှိရာ ဂိုဏ်းအဖွဲ့ဝင်တွေလို့ သံသယရှိတဲ့ ဗင်နီဇွဲလားနိုင်ငံသား ရာနဲ့ချီကို အယ်ဆာဗေဒိုသို့ နှင်ထုတ်ခြင်း၊ နိုင်ငံရပ်ခြားကျောင်းသားအချို့ကို အမေရိကန်တက္ကသိုလ်များထံ တက်ရောက်ခွင့်ပိတ်ပင်ခြင်း၊ အချို့ကို နေရပ်ပြန်ပို့ခြင်းများ ပြုလုပ်ထားပါတယ်။
▪️ ကြေးနန်းစာထဲမှာ "စိုးရိမ်စရာ အနေအထားရှိတဲ့ နိုင်ငံ ၃၆ ခုကို တွေ့ရှိထားပြီး ထိုနိုင်ငံတွေဟာ ရက်ပေါင်း ၆၀ အတွင်း သတ်မှတ်ထားတဲ့ စံသတ်မှတ်ချက်တွေ လိုအပ်ချက်တွေ မပြည့်မီပါက တစ်စိတ်တစ်ပိုင်း ဒါမှမဟုတ် အပြည့်အဝ ဝင်ရောက်ခွင့်ပိတ်ပင်သွားနိုင်ပါတယ်"လို့ ဖော်ပြထားပါတယ်။
▪️ ယင်းတို့စိုးရိမ်တဲ့ထဲမှာ အချို့နိုင်ငံတွေက စိတ်ချရတဲ့ အထောက်အထား သက်သေခံချက်တွေ ပေးအပ်ဖို့ရာ ပူးပေါင်းဆောင်ရွက်ခြင်းမရှိတာမျိုး ပါဝင်နေပြီး နောက်တစ်ချက်က ထိုနိုင်ငံတွေရဲ့ နိုင်ငံကူးလက်မှတ်တွေနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်စရာ အခြေအနေတွေ ဖြစ်ပါတယ်။
▪️ တခြားစိုးရိမ်စရာတွေက အမေရိကန်အတွင်း အကြမ်းဖက်လုပ်ရပ်တွေ၊ ဂျူးမုန်းတီးရေး၊ အမေရိကန်ဆန့်ကျင်ရေးလှုပ်ရှားမှုတို့မှာ ပါဝင်တဲ့သူတွေရဲ့ နိုင်ငံတွေဖြစ်ပါတယ်။
▪️ ရက် ၆၀ အတွင်း မဖြေရှင်းနိုင်ပါက ပိတ်ပင်ခံရနိုင်တဲ့ နိုင်ငံတွေထဲမှာ အန်ဂိုလာ၊ ဘာကီနာဖာဆို၊ ကမ္ဘောဒီးယား၊ ကင်မရွန်း၊ အီသီယိုးပီးယား၊ အီဂျစ်၊ ဂမ်ဘီယာ၊ ဂါနာ၊ နိုင်ဂျီးရီးယား၊ ဆီနီဂေါ၊ ဆီးရီးယား၊ ယူဂန်ဒါ၊ ဇင်ဘာဘွေတို့လို နိုင်ငံတွေပါဝင်ပါတယ်။
▪️ ယခုလအစောပိုင်းက ပိတ်ပင်လိုက်တဲ့ နိုင်ငံတွေကတော့ အာဖဂန်နစ္စတန်၊ မြန်မာ၊ ချက်ဒ်၊ ကွန်ဂိုသမ္မတနိုင်ငံ၊ အီကွေတိုရီယယ်ဂီနီ၊ အဲရီထရီယာ၊ ဟေတီ၊ အီရန်၊ လစ်ဗျား၊ ဆိုမာလီယာ၊ ဆူဒန်၊ ယီမင်တို့ ဖြစ်ပါတယ်။
#Source: Reuters