#World_News
Published 31 October 2024
▪️ အနောက်နိုင်ငံတွေ ယူကရိန်းကို ကူညီခွင့်ရှိတယ်ဆိုပါက မြောက်ကိုရီးယားလို မဟာမိတ်တွေကလည်း ရုရှားကို ဘာလို့ကူညီခွင့် မရှိရမှာလဲလို့ ကုလသမဂ္ဂဆိုင်ရာ ရုရှားသံတမန်က ဗုဒ္ဓဟူးနေ့မှာ မေးခွန်းထုတ်လိုက်ပါတယ်။

▪️ ရုရှားသံတမန် ဗက်ဆလီနေဘန်ဇီယာက လုံခြုံရေးကောင်စီ အစည်းအဝေးမှာ အမေရိကန်၊ ဗြိတိန်၊ တောင်ကိုရီးယား၊ ယူကရိန်းနဲ့ အခြားနိုင်ငံများမှ ဝေဖန်မှုများကို ရင်ဆိုင်နေရပါတယ်။

▪️ ရုရှားဟာ မြောက်ကိုရီးယားမှ တပ်သားများကို နေရာချကူညီစေခြင်းဖြင့် ကုလသမဂ္ဂစည်းမျဉ်းများနဲ့ ကုလပဋိဉာဉ်တို့ကို ချိုးဖောက်နေတယ်လို့ ယင်းတို့က စွပ်စွဲကြတာ ဖြစ်ပါတယ်။

▪️ "ရန်လိုတိုက်ခိုက်ခြင်းကို ထောက်ပံ့တဲ့လုပ်ရပ်ဟာ တရားမဝင်သလို ကုလပဋိဉာဉ်စည်းမျဉ်းများကို လုံးဝချိုးဖောက်ရာကျပါတယ်။ ရုရှားသို့ မြောက်ကိုရီးယားတပ်များ စေလွှတ်တဲ့ အပြုအမူမျိုးဟာ ကုလလုံခြုံရေးကောင်စီ စည်းမျဉ်းအများအပြားကို ထင်ထင်ရှားရှား ချိုးဖောက်တာ ဖြစ်ပါတယ်" လို့ ကုလသမဂ္ဂဆိုင်ရာ တောင်ကိုရီးယားသံအမတ် ဂျွန်ကုဟွမ်က ပြောသွားပါတယ်။

▪️ မြောက်ကိုရီးယားတပ်သား ၁ သောင်းခန့်ဟာ ရုရှားအရှေ့ပိုင်းမှာ ရောက်နေပြီဖြစ်ပြီး ယူကရိန်းနယ်စပ်အနီး ရုရှား ခါ့စ်ဒေသရှိ တိုက်ခိုက်စစ်ဆင်ရေးတွေမှာ ထောက်ပံ့ကူညီသွားဖွယ် ရှိတယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

▪️ နေဘန်ဇီယာ ပြောကြားရာမှာတော့ ရုရှားနဲ့ မြောက်ကိုရီးယား စစ်ရေးဆောင်ရွက်တာဟာ နိုင်ငံတကာ ဥပဒေကို မချိုးဖောက်ဘူးလို့ ဆိုပါတယ်။
စစ်ပွဲမှာ မြောက်ကိုရီးယားတပ်တွေ ပါဝင်ပတ်သက်တာကို ရုရှားက မငြင်းထားပါဘူး။

▪️ အနောက်နိုင်ငံတွေ ပြောနေကြတဲ့အတိုင်း ရုရှားနဲ့ မြောက်ကိုရီးယားတို့ ပူးပေါင်းဆောင်ရွက်နေကြတာ မှန်တယ်ဆိုရင်တောင် အမေရိကန်နဲ့ မဟာမိတ်တွေကျတော့ ယူကရိန်းကို ကူညီခွင့်ရှိပြီး ရုရှားမဟာမိတ်တွေကျတော့ ကူညီခွင့် မရှိဘူးဆိုတဲ့ အယူအဆမျိုး ဖြန့်နေတာလဲလို့ နေဘန်ဇီယာက ပြောပါတယ်။

▪️ ယူကရိန်းကို အထောက်အပံ့ပေးနေတဲ့ နိုင်ငံအားလုံးဟာ လုံခြုံရေးကောင်စီ ဒဏ်ခတ်ပိတ်ဆို့မှုအောက် မရှိကြဘူးလို့ ကုလသမဂ္ဂဆိုင်ရာ ယူကရိန်းသံအမတ် ဆာဂျီကီစ်လစ္စယာက တုန့်ပြန်လိုက်ပါတယ်။

▪️ လုံးဝဒဏ်ခတ်ပိတ်ဆို့ထားတဲ့ မြောက်ကိုရီးယားထံမှ အကူအညီရယူခြင်းဟာ ကုလပဋိဉာဉ်စည်းမျဉ်းကို ချိုးဖောက်ရာကျပြီး ယူကရိန်းကို ရုရှားကျူးကျော်ခြင်းကို ထောက်ပံ့ဖို့ မြောက်ကိုရီးယားတပ်များ စေလွှတ်တာဟာ နိုင်ငံတကာဥပဒေကို သိသိသာသာ ချိုးဖောက်ရာကျတယ်လို့ ပြောပါတယ်။

▪️ ၂၀၀၆ ခုနှစ်တည်းက မြောက်ကိုရီးယားကို ကုလလုံခြုံရေးကောင်စီက ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့ပြီး မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်များနဲ့ ပဲ့ထိန်းဒုံးကျည်များ ထုတ်လုပ်မှုကို ရပ်တန့်ရန်ရည်ရွယ်ကာ ပိတ်ဆို့မှုများ ပိုမိုတင်းကြပ်လာခဲ့ပါတယ်။

▪️ အမေရိကန်နဲ့ အနောက်တိုင်းတို့မှ ရုရှားအချုပ်အခြာအာဏာနဲ့ လုံခြုံရေးအကျိုးစီးပွားတို့ အဆက်မပြတ် ခြိမ်းခြောက်လာပါက လိုအပ်တဲ့တုန့်ပြန်မှု ပြုလုပ်သင့်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယားသံအမတ် ဆောင်းကင်မ်က ကောင်စီမှာ ပြောပါတယ်။

▪️ မြောက်နဲ့ ရုရှားတို့ဟာ အပြန်အလှန် လုံခြုံရေး၊ အခြေအနေ တိုးတက်ရေးတို့အတွက် ရှေ့ဆက်ပြီး အနီးကပ်ဆက်ဆံနေကြမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

▪️ မြောက်ကိုရီးယားတပ်တွေ ရုရှားကို ကူညီတဲ့အနေနဲ့ ယူကရိန်းကို ဝင်ရောက်လာပါက အလောင်းအိတ်တွေထဲ သေချာပေါက် ပြန်သွားရမှာဖြစ်ပြီး ခေါင်းဆောင် ကင်မ်ဂျုံအန်းအနေနဲ့ အဆင်အခြင်မဲ့ မလုပ်မိဖို့ ပြန်စဉ်းစားသင့်တယ်လို့ လက်ထောက် အမေရိကန်သံအမတ် ရောဘတ်ဝုဒ်ဝါ့ဒ်က ကင်မ်ဂျုံအန်းကို သတိပေးလိုက်ပါတယ်။

#Source: Reuters