#World_News
Published 27 November 2024


▪️ အမေရိကန်နဲ့ ပြင်သစ်တို့ ကြားဝင်စေ့စပ်ပေးတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အစ္စရေးလ်နဲ့ ဟက်ဇ်ဘိုလာအဖွဲ့တို့မှ လက်ခံလိုက်ပြီးနောက် ဗုဒ္ဓဟူးနေ့မှစတင်ကာ အကောင်အထည် ဖော်သွားမယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အင်္ဂါနေ့မှာ ပြောသွားပါတယ်။

▪️ ယမန်နှစ် ဂါဇာစစ်ပွဲကြောင့် အစပျိုးခဲ့တဲ့ အစ္စရေးလ်-လက်ဘနွန် နယ်စပ်ကြား ပဋိပက္ခကတော့ အဆုံးသတ်ဖို့အခြေအနေ မြင်လာရပါတယ်။

▪️ အစ္စရေးလ်လုံခြုံရေး ဝန်ကြီးများအဖွဲ့က သဘောတူညီချက်ကို အသိအမှတ်ပြုပြီးနောက် ဘိုင်ဒင်က အစ္စရေးလ်ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟူနဲ့ လက်ဘနွန် ယာယီဝန်ကြီးချုပ် နာဂျစ်မီကာတီတို့ကို ပြောပြခဲ့ကာ နံနက် ၄ နာရီအချိန်မှာ တိုက်ခိုက်မှုတွေ အဆုံးသတ်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

▪️ ဒါဟာ အပြီးတိုင် ရပ်စဲရေးကို ပုံဖော်ထားတာဖြစ်ပြီး အခြားအကြမ်းဖက် အဖွဲ့အစည်းများအနေဖြင့် အစ္စရေးလ်လုံခြုံရေးကို ထပ်မံခြိမ်းခြောက်ခြင်း မရှိစေရဘူးလို့ ဘိုင်ဒင်က ပြောပါတယ်။

▪️ နယ်စပ်အနီးမှာ ဟက်ဇ်ဘိုလာတို့ စစ်ရေးအဆောက်အအုံများ ပြန်မတည်ဆောက်ရန်အတွက် အစ္စရေးလ်တပ်များက ရက် ၆၀ ကျော်အတွင်း တပ်များကို ဖြည်းဖြည်းချင်း ဆုတ်ခွာမှာ ဖြစ်ပါတယ်။

▪️ လက်ဘနွန်ဝန်ကြီးချုပ်က သဘောတူညီချက်ကို ကြိုဆိုကြောင်း ကြေညာလိုက်ပါတယ်။

▪️ နေတန်ညာဟူက အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အတိုင်း လိုက်နာရန် အဆင်သင့်ဖြစ်နေကာ ဟက်ဇ်ဘိုလာဘက်က ချိုးဖောက်လာပါက အင်ပြည့်အားပြည့် တုံ့ပြန်သွားမယ်လို့ ပြောပါတယ်။

▪️ ဒီသဘောတူညီချက်ကြောင့် အစ္စရေးလ်အနေနဲ့ အီရန်ရဲ့ ခြိမ်းခြောက်မှုကိုပဲ အာရုံစိုက်လာနိုင်မှာ ဖြစ်ပြီး လျောပါးလာတဲ့ လက်နက်တွေ ဖြည့်တင်းကာ စစ်သားများ အနားရနိုင်ပြီး ဟားမတ်စ်တို့ သီးခြားဖြစ်လာစေနိုင်တယ်လို့ နေတန်ညာဟူက ပြောပါတယ်။

▪️ ဟားမတ်စ်တို့နဲ့ မဟာမိတ်ဖြစ်နေတဲ့ ဟက်ဇ်ဘိုလာတို့က ပဋိပက္ခအစပိုင်းကထက် အင်အားယုတ်လျော့လာပြီလို့လည်း ပြောပါတယ်။

▪️ အောက်တိုဘာ နှောင်းပိုင်းမှာ အစ္စရေးလ်ရော ဟက်ဇ်ဘိုလာတို့ပါ သဘောထား ပြောင်းလဲလာပြီးနောက် အပစ်အခတ်ရပ်စဲရေး ရရှိလာတာဖြစ်ပါတယ်။

▪️ ဇန်နဝါရီလမှာ ရာထူးကထွက်ခွာရတော့မယ့် ဘိုင်ဒင်က ဂါဇာမှာ အပစ်အခတ်ရပ်စဲရေးနဲ့ ဓားစာခံလွတ်မြောက်ရေးတို့ကို ဆက်လက်တွန်းအားပေးသွားမယ်လို့ ပြောသွားပါတယ်။

▪️ သံတမန်ရေးအရ ရပ်စဲရေးသဘောတူညီချက် ရရှိခဲ့ပေမယ့် အင်္ဂါနေ့အထိတော့ အစ္စရေးလ်တို့က လက်ဘနွန် ဘေရုမြို့ကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေရာမှာ အနည်းဆုံး ၁၈ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

#Source: Reuters