#World_News
Published 01 October 2024


▪️ နယ်သာလန် ဝန်ကြီးချုပ်ဟောင်း မာ့ခ်ရူတာဟာ အင်္ဂါနေ့မှာ နေတိုး(NATO)အဖွဲ့ အကြီးအကဲအဖြစ် တာဝန်လွှဲပြောင်းရယူလိုက်ပြီဖြစ်ပြီး ယူကရိန်းကိစ္စ အလွန်အရေးကြီးနေတဲ့အချိန်နဲ့ အမေရိကန် သမ္မတရွေးကောက်ပွဲ နီးကပ်လာချိန်မှာ အနောက်တိုင်း စစ်ရေးမဟာမိတ်အဖွဲ့ကြီး အတူတကွဖြစ်နေစေရန် ထိန်းသိမ်းဖို့ တာဝန်ရှိလာပါတယ်။

 

▪️ ဘရူဆဲလ်မြို့ နေတိုးစစ်ဌာနချုပ်မှာပြုလုပ်တဲ့ အခမ်းအနားမှာ ရူတာက နော်ဝေးနိုင်ငံသား ယန်းစ်စတိုလ်တန်ဘာ့ဂ်ထံကနေ အတွင်းရေးမှူးချုပ်နေရာကို လွှဲပြောင်းရယူခဲ့ပါတယ်။

 

▪️ ယန်းစ်စတိုလ်တန်ဘာ့ဂ်ကတော့ ၂၀၂၂ ခုနှစ် ယူကရိန်းကို ရုရှားကျူးကျော်ခြင်း အပါအဝင် ခက်ခဲကြမ်းတမ်းခဲ့တဲ့ ပြီးခဲ့တဲ့ဆယ်စုနှစ်တစ်ခုအတွင်း နေတိုးအဖွဲ့အစည်းကို ကြီးကြပ်ခဲ့သူဖြစ်ပါတယ်။



▪️ ရူတာအနေနဲ့ အဖွဲ့ဝင် ၃၂ နိုင်ငံပါဝင်တဲ့ မဟာမိတ်အဖွဲ့ကြီးမှာ ယူကရိန်းထောက်ပံ့ရေး စည်းရုံးခြင်း၊ ကာကွယ်ရေးအတွက် အသုံးစရိတ် ပိုမိုသုံးစွဲရန် တိုက်တွန်းခြင်း၊ ဥရောပလုံခြုံရေးကိစ္စမှာ အမေရိကန် ဆက်လက်ပတ်သက်စေခြင်းတို့ အပါအဝင် စတိုလ်တန်ဘာ့ဂ်ရဲ့ ဦးစားပေးတာဝန်များကို ဆက်လက်ထိန်းသိမ်းသွားဖို့ နေတိုးအရာရှိများနဲ့ သံတမန်များက မျှော်မှန်းထားပါတယ်။

 

▪️ ဒါပေမဲ့ ယူကရိန်းပဋိပက္ခ တိုက်ခိုက်ရေး အင်အားဆုတ်ယုတ်လာတဲ့ အခြေအနေအပြင် အမေရိကန် ရွေးကောက်ပွဲမှာ နေတိုးကို မကောင်းမြင်နေတဲ့ ဒေါ်နယ်ထရမ့်ကြောင့် အနာဂတ်မှာ နေတိုးနဲ့ ယူကရိန်းတို့အတွက် အမေရိကန်မှ ထောက်ပံ့နိုင်မှုတို့နဲ့ ပတ်သက်ပြီး မသေချာမရေရာ ဖြစ်နိုင်ပါတယ်။

 

▪️ နယ်သာလန် ဝန်ကြီးချုပ်အဖြစ် ၁၄ နှစ်တာ တာဝန်ထမ်းဆောင်ပြီးနောက် ယခုနှစ်မှာ အနားယူခဲ့တဲ့ ရူတာဟာ ယူကရိန်းကို အခိုင်အမာ ထောက်ခံသူလည်း ဖြစ်ပါတယ်။

 

▪️ ဒေါ်နယ်ထရမ့်အကြောင်း ညည်းငြူနေကြတာကို ရပ်တန့်ပြီး ဥရောပကာကွယ်ရေး မြှင့်တင်ဖို့ကိုသာ အာရုံစိုက်ကြဖို့ ရူတာက ဥရောပကို တိုက်တွန်းနေပါတယ်။

 

▪️ ယူကရိန်းစစ်ပွဲကြောင့် နေတိုးအနေနဲ့ နိုင်ငံတကာကိစ္စရေးရာတွေမှာ ပြန်လည်ပါဝင်လာရပါတယ်။

 

▪️ ဆွီဒင်နဲ့ ဖင်လန်နိုင်ငံတို့ဆိုရင် ဘယ်ဘက်မှာမှ မရပ်တည်ဘဲ နေလာခဲ့ရာကနေ အခုဆိုရင် နေတိုးအဖွဲ့အစည်းထဲ ဝင်ရောက်လာပြီဖြစ်ပါတယ်။

 

▪️ နေတိုးရဲ့ စုပေါင်းကာကွယ်ရေးလမ်းစဉ်ထဲမှာ အဖွဲ့ဝင်တစ်နိုင်ငံ တိုက်ခိုက်ခံရပါက အဖွဲ့ဝင်နိုင်ငံအားလုံး တိုက်ခိုက်ခံရတယ်လို့ ယူဆပါတယ်။

 

▪️ ရူတာရဲ့ အဓိကတာဝန်ကြီးတွေထဲက တစ်ခုမှာ တပ်အင်အား၊ လက်နက်များ ထပ်မံချထားရေးနဲ့ ကာကွယ်ရေး အစီအစဉ်သစ်များ အပြည့်အဝ အကောင်အထည်ဖော်ရေးတို့အတွက် နေတိုးအဖွဲ့ဝင်များထံမှ အသုံးစရိတ်ထွက်လာအောင် အားထုတ်စည်းရုံးရမှာဖြစ်ကြောင်း သံတမန်များနဲ့ သုံးသပ်သူများက ဆိုပါတယ်။

 

▪️ အမေရိကန်က နေတိုးမှာ အဓိကအာဏာရထားတာ ဖြစ်ပေမယ့် ဆုံးဖြတ်ချက်တွေကိုတော့ အားလုံးရဲ့ သဘောတူညီချက်အတိုင်း လုပ်ဆောင်ရတာကြောင့် မဟာမိတ်များကြား ညှိနှိုင်းမှုများရရှိဖို့က အတွင်းရေးမှူးချုပ်တာဝန် ဖြစ်လာပါတယ်။

 

▪️ ရူတာဟာ အစိုးရပူးပေါင်းဆောင်ရွက်မှုတွေမှာ အတွေ့အကြုံများစွာ ရှိခဲ့တာကြောင့် ယခုတာဝန်နဲ့ ကိုက်ညီလိမ့်မယ်လို့ ဆိုကြပါတယ်။

 

#Source: Reuters